‘‘အခုခေတ်မှာ လက်ဖက်ရည်သောက်ရတာ ဇိမ် မရှိလိုက်တာ’’ လို့ လက်ဖက်ရည်ဆိုင် ရောက် တိုင်း ကျွန်မ အမြဲလိုလိုတွေးနေမိ ပြီး စိတ်တွေက အတိတ်ဆီကို ခြေဦးလှည့်လှည့်နေမိတော့တာ ပါပဲ။ ပိုက်ဆံပေးသောက်ရတာ ချင်းအတူတူ တစ်ခေတ်တစ်ခါက လက်ဖက်ရည်ဆိုင်မှာ လက်ဖက် ရည်သောက်ရတဲ့ အရသာကို ပို ပြီး လွမ်းဆွတ်မိ၊ တမ်းတမိတတ် တာကတော့ လက်ဖက်ရည်ဆိုင် ထိုင်တိုင်း ဖြစ်ပေါ်လာတဲ့ခံစားမှု ပါ။ အခုခေတ်မှာတော့ လက်ဖက် ရည်ဆိုင်တွေမှာ လက်ဖက်ရည် တစ်ခွက်ကို နားအေးပါးအေးနဲ့ သောက်ခွင့်ရတဲ့ အခွင့်အရေးက ရှားရှားပါးပါးဖြစ်လို့နေပါပြီ။
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကာ လတွေတုန်းက ကျွန်မတို့ဆီမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု တွေ အထွန်းကားဆုံးအချိန်လို့ပဲ ဆိုရမှာပါ။ အခုခေတ်လို အလုပ် အကိုင်အခွင့်အလမ်းတွေက မ ပေါများသေး၊ စက်မှုဇုန်တွေက လည်း မရှိကြသေးဆိုတော့ လူ ကြီး၊ လူငယ်အတော်များများပဲ လက်ဖက်ရည်ဆိုင်ထိုင်တတ်ကြ တယ်။ လက်ဖက်ရည်ဆိုင်ထိုင်ကြ တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ ကြတယ်။
အဲဒီခေတ်က လက်ဖက်ရည် ဆိုင်တွေက များသောအားဖြင့် လက်ဖက်ရည်တစ်မည်တည်းကို သာ အဓိကအားထားပြီး ရောင်းကြတယ်။ လက်ဖက်ရည်ကို ကောင်းသထက်ကောင်းအောင် အာရုံစိုက်ပြီး ရောင်းကြတယ်။ လက်ဖက်ရည်ကောင်းကောင်း ဖျော်တတ်တဲ့ ဖျော်ဆရာကိုလည်း လခကောင်းကောင်းပေးပြီး ငှားတတ်ကြတယ်။ လက်ဖက်ရည် နဲ့ တွဲဖက်စားရတဲ့ မုန့်တွေလည်း စုံစုံလင်လင်ရှိကြတယ်။ နံပြား၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ပေါင်မုန့်၊ ပဲမုန့်၊ ကိတ်မုန့်၊ ပူတင်း၊ခါဂျာမုန့် စသဖြင့် မုန့်ဆရာတွေ ကိုလည်း လခပေးငှားထားကြ တယ်။
လက်ဖက်ရည်ဆိုင်တွေက လည်း ပေါများကြတော့ လက်ဖက်ရည်ကောင်းရုံနဲ့တင် မရတော့ဘဲ ရေနွေးကြမ်းလည်း ကောင်းမှ၊ မုန့်လည်းကောင်းမှ၊ ဆိုင်ရှင်နဲ့ စားပွဲ ထိုးတွေရဲ့ဆက်ဆံရေးလည်း ကောင်းမှ ကိုယ့်ဆိုင်က ရောင်း ကောင်းတာမို့၊ ဆိုင်ရှင်နဲ့ စားပွဲ ထိုးတွေရဲ့အပြောချိုချို၊ အပြုံးချို ချိုတွေကလည်း ဖောက်သည်များ လာအောင် ဆွဲဆောင်နည်းတစ်ခု ပါပဲ။ စားပွဲထိုးတွေရဲ့ဆက်ဆံ ရေးညက်ညောမှုက လက်ဖက် ရည်ဆိုင်တွေမှာ အခရာအကျဆုံး ခေတ်တစ်ခုအဖြစ် တစ်ချိန်က ရှိခဲ့ကြတယ်ဆိုရင် အခုခေတ်နှောင်း လူတွေ ယုံပါ့မလားမသိနော်။
ရှေးရှေးက လူတွေ အစွဲအ လမ်းပိုကြီးတတ်ပုံများ အခုခေတ် ကလေးတွေသိရင် ရယ်ကြမလားပဲ။ ကိုယ်နဲ့ အဆင်ပြေတဲ့ဆိုင်၊ ကိုယ်သောက်နေတဲ့ လက်ဖက်ရည်ဆိုင်ကနေ တခြားဆိုင်ကို ပြောင်းသောက်ဖို့ဆိုတာ၊ တခြား ဆိုင်ကို ခြေဦးလှည့်ဖို့ဆိုတာကို ကိုယ့်ဘာသာ အပြစ်တစ်ခုလို ခံယူမိပြီး သစ္စာဖောက်သူကြီးအ ဖြစ် ကိုယ့်ကိုယ်ကိုယ်သမုတ်တော့ တာ။
အင်း...အခုခေတ်လို အမြီး ကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစားဆိုတဲ့ အတွေးအခေါ်ရှင်လူတန်းစားတွေ ပေါပေါများများ မရှိကြသေးတာနဲ့တူပါရဲ့။
အဲဒီခေတ်က မြေဈေးတွေ လည်း သိပ်မတက်သေးတော့ လက်ဖက်ရည်ဆိုင်တွေက ခြံဝင်း ကျယ်ကျယ်၊ အရိပ်အာဝါသ ကောင်းကောင်းရှိကြတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ အရင်း အနှီးများများမလို။ ကက်ဆက် သေတ္တာလို့ခေါ်တဲ့ အင်ပလီဖိုင် ယာရယ်၊ ဆောင်းဘောက်နှစ်လုံး ရယ်ရှိရင် ရပြီ။ ခြံဝိုင်းထဲမှာ ရွက် ဖျင်တဲတစ်လုံးထိုးပြီး စားပွဲပုက လေးတွေ သစ်ပင်ရိပ်အောက်မှာ ဟိုတစ်စု၊ ဒီတစ်စုချပေးထားရင် လက်ဖက်ရည်တစ်ဆိုင်ဖြစ်သွား ပြီ။ တခြားအဖိုးတန်ပစ္စည်းတွေ၊ အဆောင်အယောင်တွေ ဘာမှ မလို၊ ဘာမှ မရှိ။ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ထိုင်ဖတ်နေလို့ရတယ်။ သူငယ်ချင်းတွေနဲ့ စကားတွေ ဖောင်ဖွဲ့ကြ၊ ငြင်းကြခုံကြ၊ စာ အကြောင်း ဆွေးနွေးလို့ရတယ်။ ကက်ဆက်ထဲက သီချင်းတွေကို နားဆင်ရင်း ခံစားမှုတွေပေါင်းကူး လို့ရတယ်။ ကဗျာတစ်ပုဒ်ရဲ့အစ၊ စာတစ်ပုဒ်ရဲ့အစကို ဖန်တီးမိပြီး စိတ်ကူးထဲမှာ လူကိုယ်တိုင်ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်သွားလို့ လည်းရတယ်။
အဲဒီလို တစ်ခေတ်တစ်ခါက လက်ဖက်ရည်ဆိုင်လေးတွေမှာ လက်ဖက်ရည်သောက်ရတဲ့ အရ သာကို မက်မက်မောမောရင်ခုန် ခဲ့ကြတယ်။ နှစ်သက်ခုံမင်စွာ တန်ဖိုးထားပြီး စွဲစွဲလမ်းလမ်းဖြစ် ခဲ့ကြတယ်။
အခုခေတ်မှာကျတော့ အိမ် ခြံမြေဈေးတွေက မြောက်နေ တော့ အိမ်လခတွေ၊ ဆိုင်ခန်းခ ဈေးတွေကလည်း ကြီးလာပြီ။ လက်ဖက်ရည် တစ်မျိုးတည်း ရောင်းရုံနဲ့ ဆိုင်လခကို မပေးနိုင် ကြတော့။ ဆိုင်လခကာမိအောင် တခြားအစားအစာတွေနဲ့ တွဲ ရောင်းမှ တွက်ခြေကိုက်ကြတော့ တယ်။ ဈေးကွက်စီးပွားရေးအရ လက်ဖက်ရည်ဆိုင်သက်တမ်း ရှည်ရှည်ဖွင့်နိုင်ဖို့က အရင်းအနှီး များများရှိမှ ရတော့တယ်။ အရင်း အနှီးများများ၊ အလုပ်သမားအင် အားများများ သုံးရတယ်။ ဆိုင်ကို လည်း သားသားနားနားပြင်ဆင် ကြရတယ်။ တစ်ချိန်တုန်းကလို ခုံကြမ်းကလေးတွေနဲ့ ဖြစ်သလို ဆိုင်ခင်းလို့မရတော့။ လူဝင်ဆံ့သ ထက်ဆံ့အောင် ဆိုင်အပြည့် စားပွဲတွေ ခင်းကြတာ။ တစ်စားပွဲနဲ့တစ်စားပွဲက ပူးပူးကပ်ကပ်၊ ကျဉ်းကျဉ်းကျပ်ကျပ်။
အစားအသောက်တွေက လည်း အစုံအလင်။ ထမင်းနဲ့ဟင်း၊ တရုတ်အစားအစာ၊ ယိုးဒယားအ စားအစာ၊ ရှမ်းအစားအစာ၊ ရခိုင် အစားအစာ၊ အိန္ဒိယအစားအစာ တစ်ဆိုင်တည်းမှာပဲ အစားအ သောက်တွေ စုံနေအောင်ရနေပြီ။ လက်ဖက်ရည်နဲ့ တွဲဖက်စားစရာ တွေကလည်း များသထက်များ လာကြပြီ။ ပြောရရင်တော့ တစ် ဆိုင်တည်းမှာပဲ အားလုံးရ၊ အား လုံးရှိနေတဲ့ အခြေအနေပဲလို့ စား သုံးသူတွေအတွက် အဆင်ပြေတဲ့ သဘော၊ ကျေနပ်စရာကောင်းတဲ့ သဘောပဲပေါ့။
ဒါပေမဲ့ လူဆိုတာကလည်း ခက်သားနော်။ အားလုံးအဆင် သင့်ရနေပေမယ့် ကျောပူသာခံနိုင်တယ်။ နားပူတာမခံနိုင်ဘူးဆိုတဲ့ ကျွန်မလို လူစားမျိုးအတွက်က တော့၊ ဘယ်လောက်ကြီးပဲ အစား အသောက်တွေကောင်းကောင်း၊ ဘယ်လောက်ကြီးပဲ လက်ဖက် ရည်ကောင်းကောင်း အဲဒီလိုဆိုင် မျိုးတွေမှာ စားသောက်နေရတာ က ဝဋ်ဒုက္ခတစ်မျိုးပဲလို့ ခံစားနေမိ တော့တာပါပဲ။
အဲဒီလိုဆိုင်မျိုးထဲ ဝင်ထိုင် လိုက်တယ်ဆိုရင်ပဲ တခြားစားပွဲ ဝိုင်းဆီက အသံတွေ၊ ကိုယ့်ဘေး က စားပွဲ၊ နောက်က စားပွဲဆီက အသံတွေ၊ စားပွဲထိုး ၁၀ ယောက်၊ ၁၅ ယောက်လောက်ရဲ့အသံတွေ၊ (ကံဆိုးရင် စားပွဲထိုးတွေကို အော် ဟစ်ငေါက်ငမ်းနေတဲ့ ဆိုင်ရှင်ရဲ့ အသံတွေ)၊ အကြော်အလှော်နံ့ တွေ၊ တီဗီထဲက ပူပူဆူဆူအသံ ဗလံတွေ၊ ပန်ကာကြီးကြီးထဲက ထွက်ကျလာတဲ့ လေငွေ့ပူပူတွေ၊ ရေနွေးဓာတ်ဘူးထဲက မကျက်တ ကျက်ရေနွေးကြမ်းတွေ စတဲ့ စတဲ့ ဒဏ်တွေကို မခံစားနိုင်တော့ မှာ ထားတဲ့ လက်ဖက်ရည်နဲ့ ပဲနံပြား ကို ကမန်းကတန်းမျိုချမိပြီး ဆယ် မိနစ်အတွင်းမှာပဲ ဆိုင်ထဲက ပြန် ထွက်ပြေးလာမိတော့တာပါပဲ။ ကျဆိမ့်လက်ဖက်ရည်တစ်ခွက်ရဲ့ အရသာက ဘယ်လိုနေမှန်း တောင် မသိလိုက်တော့။
အဲဒါကြောင့် ပြောတာပေါ့။ ပိုက်ဆံပေးစားသောက်ရတာချင်း အတူတူ အစားအသောက် ကောင်းကောင်း စားရရုံနဲ့မပြီး သေးဘဲ အစားအစာတွေကို နား အေးပါးအေးနဲ့ စိတ်သက်သက် သာသာစားနိုင်တဲ့ အခွင့်အရေး တွေရနေဖို့၊ ရှိနေဖို့လည်း လိုသေး တာပဲနော်။
ကျွန်မကတော့ တစ်ရံရော အခါဆီက လက်ဖက်ရည်ဆိုင် တွေထဲမှာ သာခဲ့တဲ့ စိုင်းထီးဆိုင် ရဲ့ မောင့်လပြည့်ဝန်းကို လွမ်း ဆွတ်လို့သာနေမိပါတော့တယ်။
7day
No comments:
Post a Comment