Friday, December 30, 2016

Vietjet လေကြောင်းလိုင်း လက်မှတ် တစ်စောင် သုံးရာကျပ်ဖြင့် ရောင်းမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ဗီယက်နမ်- ရန်ကုန် ခရီးစဉ် အပါအဝင် နိုင်ငံတကာ ခရီးစဉ်များအတွက် လက်မှတ်စောင်ရေ ငါးသန်းကျော်ကို တစ်စောင်လျှင် ကျပ် ၃ဝဝ (ဗီယက်နမ် ဒေါင် ၅ဝဝဝ) ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်း ခရီးစဉ်များ အရောင်းမြှင့်တင်ရေး အစီအစဉ်အရ နိုင်ငံတကာ ခရီးစဉ်များ ဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ အစရှိသော ခရီးစဉ်များအတွက် လက်မှတ်စောင်ရေ ငါးသန်းကျော်ကို အွန်လိုင်း ဘိုကင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်မှတ်များကို ဒီဇင်ဘာလ ၂၈ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရောင်းချမည် ဖြစ်ပြီး ပရိုမိုးရှင်း ကာလအတွင်း မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အွန်လိုင်း ဘိုကင်စနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ကာ သတ်မှတ်ထားသော အချိန်ထက် ကျော်လွန်ပါက ခရီးစဉ်အလိုက် သတ်မှတ် ဈေးနှုန်းများအတိုင်း ငွေပေးချေ ဝယ်ယူရမည်ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်းထံမှ သိရသည်။

လေယာဉ်လက်မှတ်များကို ကျပ် သုံးရာဖြင့် ဝယ်ယူမည်ဆိုပါက www.vietjetair.com၊ မိုဘိုင်းလ်ဖုန်းများအတွက် https://m.vietjetair.com နှင့် www.facebook.com/vietjetmyanmar စာမျက်နှာများတွင် “Booking” tab ကိုနှိပ်ခြင်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ 

Vietjet လေကြောင်းလိုင်း အနေနှင့် လက်ရှိတွင် ရန်ကုန် လေဆိပ်မှတစ်ဆင့် ဟိုချီမင်း လေဆိပ်သို့ နေ့စဉ် ပြေးဆွဲလျက် ရှိပြီး ယင်းလေဆိပ်မှတစ်ဆင့် ဟောင်ကောင်၊ တိုင်ပေ၊ ကောင်းရွှမ်၊ တိုင်ရှောင်၊ တိုင်နန် (ထိုင်ဝမ်)၊ ဆိုးလ်နှင့် ဘူဆန် (တောင်ကိုရီးယား)၊ စင်ကာပူ၊ ဘန်ကောက်(ထိုင်း)၊ ကွာလာလမ်ပူ (မလေးရှား)နှင့် ဆီယမ်ရိဒ် (ကမ္ဘောဒီးယား) တို့သို့ ပြေးဆွဲနေသည့် ဗီယက်နမ် အခြေစိုက် လေကြောင်းလိုင်း ဖြစ်သည်။

ဗီယက်နမ် အခြေစိုက် လေကြောင်းလိုင်း Vietjet အနေနှင့် ၂ဝ၁၆ ခုနှစ်အတွင်း လက်မှတ်ဈေးနှုန်း အခမဲ့ဖြင့် ခရီးစဉ် ပြေးဆွဲမှုများ ပြုလုပ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသားများ အနေနှင့် ပြည်ပ နိုင်ငံများသို့ အလည်အပတ် ခရီး သွားရောက်လျက် ရှိရာတွင် ယခုနှစ် ခရီးသွားရာသီ၌ ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်မှု အများဆုံး ဖြစ်နေကြောင်း ပြည်ပ ခရီးစဉ် ဝန်ဆောင်မှု ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

No comments: