Monday, December 26, 2016

ရပ်ဝေးရေပြင်တွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်ရန် တရုတ် လေယာဉ်တင်သင်္ဘောကြီး ထွက်ခွာ

တရုတ်ရေတပ်၏ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီးကို ရပ်ဝေး ရေပြင်တွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု သိရှိရသည်။

Liaoning လေယာဉ်တင် သင်္ဘောကြီးသည် အနောက်ပစိဖိတ် ဒေသသို့ ဦးတည် ခုတ်မောင်းသွားပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်တွင် ပူးပေါင်းမည်ဟု ရေတပ်က ကြေညာခဲ့သည်။ ယင်းသည် တရုတ်ကမ်းခြေနှင့် အလွန်ကွာလှမ်းသည့် ရပ်ဝေး ရေပြင်တွင် Liaoning ပါဝင်ပြီး ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု ဖြစ်လာမည်ဟု ဆိုသည်။

လေယာဉ်တင် သင်္ဘောကြီး စစ်ရေးလေ့ကျင့်မည့် နေရာ၊ လမ်းကြောင်းနှင့် ကြာမြင့်မည့် ကာလတို့ကိုမူ ရေတပ်က ထုတ်ပြန်ခြင်း မရှိဘဲ လျှို့ဝှက်ထားသည်။ တရုတ်က ၎င်းတို့ လက်အောက်ခံအဖြစ် သတ်မှတ်ထားသည့် ထိုင်ဝမ်နှင့် အစိုးရချင်း ဆက်ဆံရေး တကျော့ပြန် တင်းမာလာချိန်တွင် Liaoningက ယခုလို ရပ်ဝေးသို့ ထွက်ခွာကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက မီယာကို ရေလက်ကြားကို Liaoning ဖြတ်ကျော်သွားပြီးနောက် စစ်ရေးလေ့ကျင့်မှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေမည်ဟု ကြေညာထားသည်။ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တရုတ်၏ စစ်သင်္ဘော ၈ စီးပါဝင်သည့် ရေတပ်ဖွဲ့ တစ်ခုနှင့်အတူ Liaoningကို အရှေ့တရုတ်ပင်လယ် အလယ်ပိုင်းတွင် တွေ့မြင်လိုက်ရကြောင်း ပြောကြားခဲ့သည်။ တရုတ်ရေတပ်၏ ရွေ့လျားမှုသည် ဂျပန်ရေပိုင်နက်ကို နှောင့်ယှက်မှု မရှိဟုလည်း သိရသည်။

တရုတ်သည် ဆိုဗီယက်ခေတ်သုံး သင်္ဘောကိုယ်ထည် အခွံကြီးကို ယူကရိန်းမှတဆင့် ဝယ်ယူကာ ပြည်တွင်းတွင် မွမ်းမံ အဆင့်မြှင့်ပြီး Liaoningကို ဖန်တီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ် ပြဿနာအပြင် အမေရိကန်နှင့် အင်အားပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းကြောင့် နောက်ထပ် လေယာဉ်တင် သင်္ဘော အသစ်များကို ပိုင်ဆိုင်ရန်လည်း အင်နှင့်အားနှင့် ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အမေရိကန် ရေတပ်တွင် အကြီးစား လေယာဉ်တင် သင်္ဘောကြီး ၁၀ စီးထိ ပိုင်ဆိုင်ထားသည်။

Ref: BBC
7DAY

No comments: