Monday, December 26, 2016

သတင်းဌာနများကို ကူညီခဲ့သည့် မုံးကိုးမြို့မှ သင်းထောက် ဆရာနှင့် ကျောင်းဆရာ သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ

သတင်းဌာနများကို ကူညီခဲ့သည့် မုံးကိုးမြို့မှ သင်းထောက် ဆရာနှင့် ကျောင်းဆရာ သုံးရက်ကြာသည်အထိ အဆက်အသွယ် မရ ပျောက်ဆုံးနေကြောင်း မုံးကိုးဒေသခံများထံမှ သတင်းရရှိသည်။

 

ပျောက်ဆုံးနေသူများမှာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်း တို့ဖြစ်ပြီး ဒီဇင်ဘာ လ ၂၄ ရက် ညပိုင်းမှ စ၍ အဆက်အသွယ် မရခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

 

“သူတို့နှစ်ဦးက ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး ၊ သူတို့ကို ခေါ်သွားတာ ပါ။ ဘယ်ဘက်က ခေါ်သွားတာလဲ ဆိုတာတော့ မသိရသေးပါဘူး။ ကျွန်တော်တို့လည်း စုံစမ်းဆဲပါ” ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ပြောသည်။

 

“ပျောက်သွားတာ တစ်ယောက်က သင်းထောက်ဆရာ၊ တစ်ယောက် က ကျောင်းဆရာ။ အိမ်ကနေ ဆိုင်ကယ်စီးပြီး ထွက်သွားတဲ့အချိန် ပျောက် သွားတာ။ ဗျူဟာကုန်းနားမှာ ပျောက်သွားတာ” ဟု ဒေသခံ မမိုင်းမိုင်ကThe Ladies သို့ပြောသည်။

 

ပျောက်ဆုံးနေသူများသည် မုံးကိုးဒေသကို သွားရောက်ခဲ့သည့် DVB သတင်းဌာန၊ ဧရာဝတီသတင်းဌာနနှင့် ကုမုဒြာဂျာနယ် သတင်းထောက် များကို ကူညီဆောင်ရွက် ပေးခဲ့သူများဖြစ်ပြီး သတင်းထောက်များကို မုံးကိုးမြို့အနှံ့ လိုက်လံပြသခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားချိန်တွင် အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့သူများ ဖြစ်ကြောင်းလည်း သိရသည်။

 

ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော့် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (KIA၊ PSLF/TNLA၊ MNDAA၊ AA) တို့ အကြား ဖြစ်ပွား သည့် တိုက်ပွဲများအနက် မုံးကိုးဒေသသည် အပြင်းထန်ဆုံးဖြစ်ပြီး ဒေသခံ များသည်လည်း တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက် အခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရာမှ ဒီဇင်ဘာ ၁၉ ရက်မှသာ မုံးကိုးဒေသတွင် ပြန် လည်နေထိုင်ကြခြင်း ဖြစ်သည်။ ဒေသခံတချို့ ၏ ပြောဆိုချက်ကို ကိုး ကားပြီး ဖော်ပြသည့် ကုမုဒြာ၏ သတင်းဖော်ပြချက်တွင်မူ အဆိုပါ နှစ်ဦး မှာ တပ်ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံး သွားခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။

 

လတ်တလောတွင် မုံးကိုးဒေသကို တပ်မတော်က ထိန်းချုပ်ထားပြီး ကက်သလစ် ဘုရားကျောင်းနှင့် မုံးကိုးအခြေခံပညာ အထက် တန်းကျောင်းများတွင် လုံခြုံရေး ရယူထားကြောင်းလည်း ကုမုဒြာ သတင်း က ဖော်ပြထားသည်။ အဆိုပါ ပျောက်ဆုံးနေသူများမှာ ကုမုဒြာ ၊ ဒီဗီဘီ နှင့် ဧရာဝတီ သတင်းဌာနများမှ သတင်းထောက်များ မုံးကိုးသို့ သတင်းသွား ယူစဉ် ကူညီခဲ့သူများဖြစ်သည်ဟုလည်း ဖော်ပြထားပါသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: