Wednesday, December 28, 2016

ဖိလစ်ပိုင်မှာ မူးယစ်ဆေး ဒေါ်လာ သန်း ၁၂၀ ဖိုးခန့် စံချိန်တင် ဖမ်းဆီးရမိ

ဖိလစ်ပိုင်နိုင်ငံဟာ သူတို့နိုင်ငံ သမိုင်းတစ်လျှောက် မူးယစ်ဆေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေဟာ ယခုလအတွင်း မူးယစ်ဆေးဝါး စီးနင်းဖမ်းဆီးမှုတွေအတွင်း မီသာဖက်တမင်း အလေးချိန်ပေါင် ၂၀၀၀ ခန့်အထိ ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း ၁၂၀ ခန့်အထိ ရှိခဲ့တာပါ။

ဒီဖမ်းဆီးရမိမှုဟာ ဒီနှစ်အတွင်း အများဆုံး ပမာဏဖြစ်ရုံမကဘဲ ဖိလစ်ပိုင်သမိုင်းတစ်လျှောက် အများဆုံး ဖြစ်တယ်လို့ ဖိလစ်ပိုင် တရားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင် မူးယစ်ဆေး ထုတ်လုပ်ဖြန့်ချိနေတဲ့ တရုတ်မူးယစ်ဂိုဏ်း တစ်ခုအကြောင်း သဲလွန်စ ရရှိပြီးနောက် လေးလကြာ စုံစမ်း စစ်ဆေးခဲ့မှုတွေကနေတစ်ဆင့် အခုလို ပမာဏ အများအပြား ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယခု မူးယစ်ဆေး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသား သုံးဦးနဲ့ ဖိလစ်ပိုင် နိုင်ငံသား ခုနစ်ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့လည်း ယင်းသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မူးယစ်ဆေးကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ မဲဆွယ်စည်းရုံးပြီး တက်လာတဲ့ လက်ရှိ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ဇူလိုင်လက စတင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ပွဲအတွင်း လူပေါင်း ၆၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ ဥပဒေကို ကျော်လွန် လုပ်ဆောင်တဲ့သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြည်တွင်းကရော၊ ပြည်ပကပါ ဝေဖန်သံတွေ ထွက်ပေါ်လျက် ရှိပါတယ်။

The voice

No comments: