ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အချိန်ယူပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက စနစ်တကျ ပြင်ဆင်ထားတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဲဒီလို ပြောကြားခဲ့တာပါ။
အရင်တုန်းက ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ဖြစ်စဉ်တွေဟာ ဒေသခံပြည်သူအချင်းချင်းကြား ဖြစ်ပွားတဲ့ ပြဿနာ ဖြစ်ပေမဲ့ အခုဖြစ်စဉ်တွေကတော့ သေချာ အချိန်ယူထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေလို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီဖြစ်စဉ်တွေမှာ ပြည်ပနဲ့ဆက်စပ်နေတဲ့ ကွင်းဆက်တွေလည်း ပေါ်ပေါက်နေတဲ့အတွက် ပိုသိမ်မွေ့ရှုပ်ထွေးတယ်လို့ ဦးမြင့်ဆွေက ဆိုပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မောင်တောဒေသကို သွားရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ ငါးခူရ၊ ပြောင်ပိုက်၊ ပွင့်ဖြူချောင်း၊ ဝါးပိတ်၊ ဂွဆုံ၊ ငန်းချောင်း၊ ကြက်ရိုးပြင်၊ ကိုးတန်ကောက် ဒေသတွေကို လှည့်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
MCN
No comments:
Post a Comment