Tuesday, December 27, 2016

ဆည်ပေါင်ဖောက်ခြင်းနှင့်ပတ်သက်၍ ရွာနှစ်ရွာ ခိုက်ရန်ဖြစ်ပွား

 ပင်းချောင်းဆည် တာပေါင်ကိစ္စနှင့်ပတ်သက်၍ ရေနံချောင်းမြို့နယ် နတ်ကန်ဦး ကျေးရွာနှင့် ညောင်စောက်ချောင်း ကျေးရွာတို့ ဒီဇင်ဘာ ၂၅ ရက်က နှစ်ဖက် ခိုက်ရန်ဖြစ်ပွားရာ လူ ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပင်းချောင်းအတွင်း တည် ဆောက်ထားသော ရေတားဆည် တာပေါင်ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက် အငြင်းပွားနေရာမှ လူအများ ထိခိုက်ဒဏ်ရာ ရရှိသည်အထိ ပြဿနာကြီးထွားခဲ့ကြောင်း ဥသျှစ်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မင်းကပြောကြား သည်။

‘‘အဲဒီဆည်အိတ်အောက် ဘက်မှာက ညောင်စောက်ချောင်း က စိုက်ပျိုးမယ့်စိုက်ခင်း မြေနုကျွန်းတွေရှိတော့ ဆည်အိတ်ကရေစိမ့်ကျရင် ဘယ်လိုလုပ်မလဲ ညှိတာ အဆင်မပြေဘူး။ အဲဒါနဲ့ညောင်စောက်ချောင်းသားတွေ က ဒီဇင်ဘာ ၂၄ ရက်က အဲဒီတာပေါင်ကို ဖွင့်ကြတယ်။နောက်နေ့ ဒီဇင်ဘာ ၂၅ ရက်မှာ နတ်ကန်ဦး က ပြန်ပိတ်တော့ ပင်းချောင်းထဲ မှာ နှစ်ဖက်ရွာကလူတွေစုံပြီး ပြဿနာဖြစ်ကြတာပါပဲ’’ ဟု ဦးကျော်မင်းက ပြောသည်။

 နှစ်ဖက်စလုံးက လောက် လေးများ၊ ကုံးသီးများဖြင့် ပစ် ခတ်ခြင်း၊ ဓားဖြင့် ခုတ်ယမ်းခဲ့ခြင်း တို့ကြောင့် ညောင်စောက်ချောင်း ကျေးရွာခံ ၂၀ ဦးနှင့် နတ်ကန်ဦး ကျေးရွာခံရှစ်ဦးတို့ ဒဏ်ရာများ ရရှိပြီး ညောင်စောက်ချောင်း ကျေး ရွာ ဒေသခံနှစ်ဦးမှာ ခြေသလုံးတွင် ဓားဒဏ်ရာနှင့် ဦးခေါင်း တွင် လောက်လေးမှန်သည့် ဒဏ် ရာများကြောင့် မကွေးဆေးရုံကြီး သို့ တင်ပို့ကုသနေရကြောင်း ညောင်စောက်ချောင်း ကျေးရွာခံ တစ်ဦးက ပြောသည်။

  အထက်ပါကိစ္စနှင့် ပတ် သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များ၊ နှစ်ဖက်ကျေးရွာ တာ ဝန်ရှိသူများက မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း မတွင် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ပြီး နှစ်ဖက်စလုံးက အမှုဖွင့် လှစ်ခြင်း မပြုတော့ဘဲ ပြေလည်မှု ရရှိပြီဖြစ်ကြောင်း ရေနံချောင်းမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင် က ပြောသည်။ ပင်းချောင်းရှိ ဆည်တာပေါင်ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၇ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း ဥသျှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော် မင်းက ပြောသည်။

နတ်ကန်ဦး၊ သစ်ဖြူပင်၊ညောင်စောက်ချောင်းကျေးရွာ တို့သည် ပင်းချောင်း မြေနုကျွန်းဒေ သများ ဖြစ်ကြပြီး နတ်ကန်ဦးနှင့် သစ်ဖြူပင် ကျေးရွာတို့မှာ ပင်းချောင်းမြေနုကျွန်း လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ ကာလကြာရှည်စွာ အငြင်းပွားမှုများ ဖြစ်ပွားနေပြီးဆန္ဒဖော်ထုတ်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

No comments: