Tuesday, December 27, 2016

ကုန်သွယ်မှုလိုငွေ ပြခြင်းကြောင့် အရက်၊ စီးကရက် တင်သွင်းမှု ကန့်သတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ယခုဘဏ္ဍာနှစ်အတွင်း ကျပ်ငွေ ဘီလီယံနှင့်ချီသည့် ကုန်သွယ်ရေးလိုငွေ ပြမှုကို ထိန်းချုပ်ရန်အတွက် အလှကုန် ပစ္စည်းကဲ့သို့ ဇိမ်ခံပစ္စည်းများနှင့် အရက်၊ စီးကရက်တင်သွင်းမှု အချို့ကို ကန့်သတ်ထိန်းချုပ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ကုန်သွယ်မှုလိုငွေ ဖြစ်တာက မြန်မာငွေကြေးလဲလှယ်နှုန်း ကျလာတယ်။ ဒေါ်လာငွေဈေးက မြင့်တက်လာတယ်။ အဲဒါကလည်း အချက်တစ်ချက် အနေနဲ့ ပါတယ်။ နောက်ပြီး Duty Free ဆိုင်အားလုံးကို သူတို့လိုချင်တိုင်း လျှောက်ခွင့်ပေးနေမယ်ဆိုရင် ကုန်သွယ်မှုလိုငွေ ဖြစ်လာမယ်။ နောက် သိန်းနဲ့ချီပြီး ပေးရတဲ့ အလှကုန်ပစ္စည်းတွေ ရှိတယ်။ ကန့်သတ်တာ၊ ပိတ်တာ၊ ရပ်တာလည်း မဟုတ်ဘူး။ လျှော့ချပစ်ဖို့ပါ။ ဒါတွေနဲ့ ပတ်သက်ပြီး အခွန်နှုန်းထားတွေလည်း တိုးမြှင့်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

အလှကုန်ကဲ့သို့ ဇိမ်ခံပစ္စည်း တင်သွင်းမှုများကိုလည်း လျှော့ချမည်ဖြစ်ပြီး လေဆိပ်များရှိ Duty Free ဆိုင်များတွင် ရောင်းချနေသည့် အရက်၊ စီးကရက်များကို အခွန်စနစ်တကျ ပြန်လည်ကောက်ခံရန် စီစဉ်နေကြောင်း၊ တင်သွင်းမှုအချို့ကို ထိန်းချုပ်နိုင်မည် ဆိုပါက ကုန်သွယ်မှုလိုငွေကို အချိန်မီထိန်းနိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ထိန်းချုပ်ဖို့ လိုနေတာတော့ အမှန်ပဲ။ ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အောင်မြင်မလား၊ မအောင်မြင်ဘူးဆိုတဲ့ ရလဒ်ပေါ် မူတည်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတင်ချိုက သုံးသပ်ပြောကြားသည်။ 

အဆိုပါ ကုန်ပစ္စည်းများကို အခွန်နှုန်းထား တိုးမြှင့်ကောက်ခံရန်အတွက် လက်ရှိတွင် ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နှင့် ဆွေးနွေးနေပြီး အခွန်နှုန်း သတ်မှတ်ပြီးပါက အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုလိုငွေမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင်လည်း လိုငွေပြနေသောကြောင့် အချိန်မီထိန်းချုပ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နည်းလမ်းရှာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

The voice

No comments: