Tuesday, December 27, 2016

လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား BIA/BDA နှင့် ရဲဘော်သုံးကျိပ်ဝင်တို့၏ မိသားစုများ ဖိတ်ကြားမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရန်ကုန်မြို့တော်၌ ပြုလုပ်မည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား၌ BIA/BDA တပ်မတော်သားဟောင်းများနှင့် ရဲဘော် သုံးကျိပ်ဝင်တို့၏ မိသားစုဝင်များကို ဖိတ်ကြားရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ 

“BIA/BDA မိသားစုဝင်တွေကို ဖိတ်ကြားဖို့ ဆောင်ရွက်နေပါတယ်။ မဟာဗန္ဓုလ ပန်းခြံမှာ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်မှာပါ”ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂ဝ မိနစ်တွင် ကျရောက်မည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအတွင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးက ဆိုသည်။ 

“အစိုးရ အဆက်ဆက်က BIA/BDA တပ်မတော်သားတွေကို လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဖိတ်ကြားတာတွေ မရှိသလောက် နည်းပါတယ်။ အခုလို လွတ်လပ်ရေးနေ့မှာ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင်တွေ အပါအဝင် သက်ဆိုင်တဲ့ သူတွေကို ဖိတ်ကြားတဲ့ ကိစ္စက ကြိုဆိုပါတယ်”ဟု ရန်ကုန်တိုင်း လွှတ်တော် ဒု-ဥက္ကဋ္ဌ (ဟောင်း) ဦးတင်အောင်က ပြောသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) မှ အသက်ရှင်လျက် ရှိသော ဦးအောင်ရွှေ (BDA အပတ်စဉ် ၁)၊ ဦးချစ်မောင် (BDA အပတ်စဉ်-၂)၊ သူရဦးတင်ဦး (BDA အပတ်စဉ်-၃)၊ ဦးဘတင်(BIA အပတ်စဉ် - ၃) တို့အပြင် ရဲဘော် သုံးကျိပ်ဝင်တို့၏ မိသားစုဝင်များ၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော အမျိုးသမီး တပ်ဖွဲ့ဝင်ဟောင်းများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

The voice

No comments: