Wednesday, December 28, 2016

၂၀၁၇ နှစ်ကုန်မှာ မြောက်ကိုရီးယား နျူလက်နက်ပိုင်ဆိုင်ဖွယ်ရှိဟု မြောက်ကိုရီးယားပြည်ပြေး သံအမတ် တစ်ဦးပြော



28-Dec-2016  tagged as မြောက်ကိုရီးယား 

တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ပြည်တွင်းနိုင်ငံရေး မရေရာမှုတွေ ကြုံတွေ့နေရခြင်းက မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံ အန်ကို နျူလက်နက် ဖန်တီးဖို့ အခွင့်အရေး ပေးသလိုဖြစ်နေပြီး ၂၀၁၇ နှစ်ကုန်မှာ နျူကလီးယား လက်နက် ပိုင်ဆိုင်သွားဖွယ် ရှိတယ်လို့ မြောက်ကိုရီးယားပြည်ပြေး သံအမတ် တစ်ဦးက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကတို့ရဲ့ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်တွေကြောင့် အဆိုပါနိုင်ငံတွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ် တိုးတက်မှုတွေကို ထောက်လှမ်း သိရှိနိုင်ဦးမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက တွက်ထားကြောင်း ယခင် လန်ဒန်မြို့က မြောက်ကိုရီးယား သံရုံးမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ထေယောင်းဟိုက အင်္ဂါနေ့က ပြောကြားခဲ့တာပါ။

ကင်မ်ဂျုံအန်အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ဆိုတဲ့အိပ်မက်ကို စွန့်လွှတ်ခြင်း လုံးဝ မရှိဘဲ ငွေကြေး အမြောက်အများ သုံးစွဲကာ လာမယ့်နှစ်အတွင်းမှာ နျူလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

တစ်ဖက်မှာ အမေရိကန် သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်လ်ထရမ့်ကလည်း သူ့အနေနဲ့ အမေရိကရဲ့ နျူကလီးယား စွမ်းအားကို တိုးမြှင့်သွားမယ့် အကြောင်းအရိပ် အခြေပြထားပါတယ်။

မြောက်ကိုရီးယား အနေနဲ့ နျူလက်နက် ပိုင်ဆိုင်နိုင်ရေးအတွက် တောင်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်သစ်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းသွားဖွယ် ရှိနေတယ်လို့လည်း ထေယောင်းဟိုက ပြောကြားခဲ့ပါတယ်။

ထေယောင်းဟိုဟာ သူတာဝန်ကျရာ လန်ဒန်မြို့ရှိ မြောက်ကိုရီးယား သံရုံးကနေ ဇနီး၊ သားနှစ်ဦးတို့နဲ့အတူ တောင်ကိုရီးယားကို ထွက်ပြေးခိုလှုံပြီးနောက် ယခုအခါမှာ ပထမဆုံး လူမြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

No comments: