ရန်ကုန်၊ ဒီဇင်ဘာ ၂၆
နှစ်သစ်ကူးည အရက်သေစာ သောက်စားမူးယစ်ပြီး အပျော်လွန်ကျူးရာမှ ခိုက်ရန်ဖြစ်မှု အပါအဝင် အခြား ရာဇဝတ်မှုများ မဖြစ်ပွားစေရန် ရန်ကုန်မြို့တော် လုံခြုံရေး အထူး တိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ရဲမှူးချုပ် မြဝင်းက ပြောကြားလိုက်သည်။
ယင်းအပြင် နှစ်သစ်ကူးည အထူး လုံခြုံရေးအတွက် မြို့ဝင်မြို့ထွက်ပေါက်များတွင် စစ်ဆေးရေး အဖွဲ့များဖြင့် ပိတ်ဆို့ ရှာဖွေမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ KTV၊ ကလပ်နှင့် စားသောက်ဆိုင်များကို ည ၁၁ နာရီထက် ကျော်လွန် ဖွင့်လှစ် ရောင်းချခြင်း မပြုရန်နှင့် ၂၄ နာရီ ဖွင့်လှစ်သည့် မားကက်များတွင် အရက်၊ ဘီယာများ မရောင်းချရန် ဒေသန္တရ အမိန့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
“နှစ်ကူးညမှာ လုယက်မှု၊ ခိုးမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေအပြင် အခြား ရာဇဝတ်မှုတွေ မဖြစ်ရအောင် လူစည်ကားရာ နေရာတွေမှာ နယ်မြေ ရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ လုံခြုံရေး တပ်ရင်းက တပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်သွားမှာပါ”ဟု အမှတ်(၂) လုံခြုံရေး ရဲမှူးချုပ်က ဆက်လက် ပြောကြားသည်။
နှစ်သစ်ကူးည အထူး လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရာတွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လူစည်ကားရာ နေရာများ၊ ကန်ပေါင်များနှင့် တံတားများတွင် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများ ထားရှိပြီး အပြာရောင်အဆင့် လုံခြုံရေးအသင့် အနေအထားကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“နှစ်ကူးညမှာ လှည့်ကင်းကားတွေနဲ့ တစ်ညလုံး မြို့နယ်အနှံ့ကို လှည့်ပြီး လုံခြုံရေး ဆောင်ရွက်သွားမှာပါ၊ အင်းလျား ကန်ပေါင်နဲ့ ပြည်သူ့ ရင်ပြင်တို့မှာ လူစည်ကားမှာ ဖြစ်တာကြောင့် အဲ့ဒီနေရာတွေကို အထူး လုံခြုံရေး ဆောင်ရွက်မယ်၊ အရက် အမူး လွန်ပြီး ပြဿနာ လိုက်ရှာနေတဲ့သူ တွေ့ရင် အိမ်ပြန်ခိုင်းမယ်၊ မလိုက်နာရင် ဥပဒေအတိုင်း အရေး ယူသွားမယ်”ဟု အမည် မဖော်လိုသော အကြီးတန်း ရဲအရာရှိ တစ်ဦးက ဆိုသည်။
နှစ်သစ်ကူးညတွင် အရက်သေစာ သောက်စားပြီး စည်းကမ်းမဲ့စွာ ယာဉ်မောင်းနှင်သူများကို ဖမ်းဆီး အရေးယူရန် မြို့နယ်အနှံ့ရှိ လမ်းဆုံ လမ်းခွများတွင် ယင်းနေ့ ညနေ ၆ နာရီမှ နံနက် ၂ နာရီအထိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် မြို့တော်တွင် ယခင်နှစ်သစ်ကူးညများက လူငယ်များ အရက်သေစာ သောက်စားပြီး အပျော် လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားမှုများ မြို့နယ်အနှံ့တွင် ဖြစ်ပွားခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှု ကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။
The voice
No comments:
Post a Comment