Tuesday, December 13, 2016

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန် စွဲကိုင်ထားမည် မဟုတ်ဟု ထရမ့် ပြောကြား

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ 

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဟု နှစ်ပေါင်းများစွာ လက်ခံသတ်မှတ်ခဲ့သော မူဝါဒကို တွယ်ဖက်ထားမည် မဟုတ်ဟု အမေရိကန်သမ္မတ ဖြစ်လာမည့် ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျုပ်အပြည့်အဝ နားလည်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးကိစ္စ အပါအဝင် တရုတ်နိုင်ငံဘက်က ပြင်ဆင်ပေးရမယ့် အရာတွေကို ညှိနှိုင်းခြင်း မပြုဘဲ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဘာကြောင့် တွယ်ဖက်ထားခဲ့သလဲ ဆိုတာကိုတော့ နားမလည်ပါဘူး” ဟု ထရမ့်က Fox News Sunday အစီအစဉ်သို့ ပြောကြားသည်။

ထရမ့်၏ အထက်ပါ မှတ်ချက်များ အပြီးတွင် အိမ်ဖြူတော် အကြံပေးအရာရှိက “အိုဘားမားအစိုးရ အနေနှင့် ယခင်ထုတ်ပြန်ထားသော မူဝါဒ သဘောထားအပြင် နောက်ထပ် မှတ်ချက်ပေးရန် မရှိပါ” ဟု ပြောကြားသည်။

Fox ရုပ်သံနှင့် အင်တာဗျူးတွင် ထရမ့်က တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒများ၊ တောင်တရုတ်ပင်လယ်ပြင် လှုပ်ရှားမှုများနှင့် မြောက်ကိုရီးယားဆိုင်ရာ သဘောထားတို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။ 

ထိုင်ဝမ်ခေါင်းဆောင်၏ ဖုန်းကို လက်ခံသင့်၊ မခံသင့် ဆုံးဖြတ်ရေးသည် ဘေဂျင်းအပေါ် မူတည်ခြင်း မရှိဟု ထရမ့်က ဆိုသည်။

“ကျုပ်ကို တရုတ်တွေက ညွှန်ကြားတာမျိုးကို မလိုချင်ပါဘူး။ ဒါက ကျုပ်ဆီကို ဝင်လာတဲ့ဖုန်းပါ။ တိုတိုတုတ်တုတ်ပါပဲ။ စကားပြောလို့ ကောင်းပါတယ်။ ဒီဖုန်းကို လက်မခံရဘူးလို့ ကျုပ်ကို ဘယ်နိုင်ငံကမှ ပြောခွင့်မရှိပါဘူး။ ဒါက မလေးမစားလုပ်ရာ ရောက်တယ်လို့ ကျုပ်မထင်ပါဘူး။ ရိုးရိုးပါပဲ။ အများကြီးမတွေးပါနဲ့” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် ဘေဂျင်းနှင့် ကာလရှည် ရင်းနှီးခဲ့သော အိုင်အိုဝါ အုပ်ချုပ်ရေးမှူး တယ်ရီဘရန်စတက်ကို တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ထားသည်။ 

သို့ရာတွင် ဘေဂျင်းကို မာမာတင်းတင်း ဆက်ဆံရန် တိုက်တွန်းဖူးသူ ဘွတ်ရှ်အစိုးရ လက်ထက်က အရာရှိဟောင်း ဂျွန်ဘိုလ်တန်ကိုလည်း နိုင်ငံခြားရေးဌာနတွင် နံပါတ် ၂ နေရာအတွက် ထရမ့်က စဉ်းစားနေသည်ဟု သိရှိရသည်။

ပြီးခဲ့သော ဇန်နဝါရီလက ဝေါလ်စထရိ ဂျာနယ်ဆောင်းပါးတွင် ဂျွန်ဘိုလ်တန်က နောက်တက်မည့် အမေရိကန် သမ္မတသည် တောင်တရုတ်၊ အရှေ့တရုတ် ပင်လယ်များတွင် တရုတ်စစ်အင်အား တိုးချဲ့မှုကို ရပ်တန့်စေရန်အတွက် ထိရောက်သော လုပ်ဆောင်ချက်များ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်။ 

ဝါရှင်တန် အနေနှင့် ထိုင်ဝမ် သံတမန်များကို တရားဝင် လက်ခံခြင်းနှင့် သံတမန် ဆက်ဆံမှု အပြည့်အဝ ပြန်လည်ထူထောင်ခြင်းအားဖြင့် တင်းမာမှု မြင့်တက်စေမည့် သံတမန် နည်းလမ်းကို အသုံးပြုရန် စဉ်းစားသင့်သည်ဟု ဘိုလ်တန်က ဆိုသည်။

Fox အင်တာဗျူးတွင် ထရမ့်က “တရုတ်တွေကို ကျုပ်တို့က အခွန်မကောက်တဲ့ အချိန်မှာ သူတို့က ကျုပ်တို့ကို အခွန်ကောက်တယ်။ ယွမ်ငွေတန်ဘိုးကို ချတယ်။ ကျုပ်တို့ အများကြီး နစ်နာတယ်။ ပြီးတော့ တောင်တရုတ်ပင်လယ်ပြင်မှာ မလုပ်သင့်တဲ့ ခံတပ်တွေ (လေယာဉ်ကွင်း) ဆောက်တယ်။ မြောက်ကိုရီးယားကိစ္စ ဖြေရှင်းဖို့လည်း အကူအညီမပေးဘူး” ဟု ပြောဆိုခဲ့သည်။

စီးပွားရေး ပညာရှင်များကမူ မနှစ်က တစ်နှစ်လုံး ယွမ်ငွေတန်ဖိုးကို မြှင့်ရန် တရုတ်ဘက်က ကြိုးစားခဲ့ခြင်းသည် နောက်ထပ် ငွေတန်ဖိုး ချတော့မည်မဟုတ် ဟူသော လက္ခဏာ ဖြစ်သည်ဟု ရှုမြင်ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ အာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာက ထရမ့်သည် ကလေးတစ်ယောက်သဖွယ် ပြုမူနေကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် အရောင်းအဝယ်လုပ်ရန် မဟုတ်ကြောင်း ရေးသားထားသည်။ 

ထိုင်ဝမ် ရေလက်ကြားကို အမေရိကန်တို့ စိုးမိုးရန် မဖြစ်နိုင်ကြောင်းနှင့် ထရမ့်၏ ဈေးဆစ်သည့် အပြုအမူသည် ကလေးဆန်ကြောင်းကို တရုတ်နိုင်ငံက သက်သေပြမည်ဟုလည်း ဖော်ပြထားသည်။

ဘေဂျင်း ရင်မင်တက္ကသိုလ်မှ ပါမောက္ခ ဝမ်ရီဝေ့က ထရမ့်သည် ထိုင်ဝမ်ကိစ္စကို အသုံးချ၍ ကုန်သွယ်ရေး အသာစီးရရန် ကြိုးစားနေပုံရသည်ဟု မှတ်ချက်ပေးသည်။

အမေရိကန် ကော်နယ်တက္ကသိုလ်မှ တရုတ်ရေးရာ ကျွမ်းကျင်သူ ဂျက်ဆီကာ ချန်ဝေ့စ်က ‘ရေရှည်ဆုပ်ကိုင်လာသော မူဝါဒကို စွန့်လွှတ်ပါက နားလည်မှု အလွဲများနှင့် တွက်ချက်မှု အလွဲများ ဖြစ်လာနိုင်ပြီး ထိုင်ဝမ်ကိစ္စကြောင့် ပြဿနာ ဖြစ်လာနိုင်သည်’ ဟု ပြောကြားသည်။

ဘွတ်ရှ်အစိုးရ လက်ထက်က အာရှရေးရာ အကြံပေး မိုက်ဂရင်းကလည်း “တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အဆုံးသတ်ခြင်းသည် မှားယွင်းပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာကာ မြောက်ကိုရီးယား ပြဿနာတွင် ဘေဂျင်း၏ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေလိမ့်မည်” ဟု သုံးသပ်သည်။

ထိုအတောအတွင်း မိုဘိုင်းလ်ဆက်သွယ်ရေး လုပ်ငန်းများ၊ ကမ်းလွန်ရေနံ တူးဖော်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နေသော မက္ကဆီကိုနိုင်ငံသို့ တရုတ်နိုင်ငံ တော်ကောင်စီဝင် ယန်ကျားချီ အလည်အပတ် သွားရောက်သည်ဟု Xinhua သတင်းက ကြေညာခဲ့သော်လည်း မက္ကဆီကို အာဏာပိုင်များက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပေ။               

THE VOICE

No comments: