Tuesday, December 13, 2016

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက် =======================


သတင်းထောက်များ အသက်အန္တရာယ်ပြုခံရခြင်းအတွက် ထုန်ပြန်ချက်

ရက်စွဲ ။ ။ ၁၃ ဒီဇင်ဘာ ၂၀၁၆

မုံရွာအခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် သတ်ဖြတ်ခံရခြင်းအတွက် မိသားစုနှင့်အတူ မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ထပ်တူထပ်မျှဝမ်းနည်းကျေကွဲရပါသည်။

သတင်းစာဆရာများသည် သတင်းမှန်များကိုဖော်ထုတ်ကာ ပြည်သူအများသို့ သတင်းတင်ပြနေသူများဖြစ်ကြသောကြောင့် မသမာသူများနှင့် မကောင်းမှုလုပ်သူများ၏ အညှိုးအတေးပစ်မှတ်ထားကာ အသက်အန္တရာယ်ကျရောက်သည်အထိ နှောက်ယှက်ခံကြရသည်မှာ ကမ္ဘာနှင့်အ၀ှမ်းပင်ဖြစ်ပါသည်။ ၁၉၉၂ မှ ၂၀၁၆ အထိ ကမ္ဘာပေါ်တွင် သတင်းစာဆရာ ၁,၂၂၂ ဦးအသတ်ခံရပြီးဖြစ်သည်ဟု Committee to Protect Journalist - CPJ ၏စာရင်းများတွင်ဖော်ပြထားပါသည်။

ပြီးခဲ့သည့်နှစ်လကလည်း သပိတ်ကျင်းမြို့အခြေစိုက် သတင်းစာဆရာကိုတင်ဇော်ဦးကို သစ်မှောင်ခိုထုတ်လုပ်သူများက ခြိမ်းခြောက်သောကြောင့် အခြားမြို့များသို့ မိသားစုလိုက်ရှောင်တိမ်းနေရပါသည်။

ထို့ကြောင့် သတင်းစာဆရာများ၏လုံခြုံရေးကို သတင်းစာတိုက်တာဝန်ရှိသူများအနေဖြင့်လည်း အလေးနက်ထား ဆောင်ရွက်ဖို့လိုအပ်ပြီဟု ယခုဖြစ်စဉ်များက မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ပါသည်။ သတင်းစာဆရာတစ်ဦးချင်းစီကလည်း မိမိတို့၏လုံခြုံရေးကို အထူးဂရုပြုကြပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်က နှိုးဆော်အပ်ပါသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများလုံခြုံရေးအတွက် ယခုထက်ပိုမိုအားသွန်ဆောင်ရွက်ပါရန်နှင့် ကိုစိုးမိုးထွန်းဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးအားထုတ်ကြိုးပမ်းပေးပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ အလေးအနက်တိုက်တွန်း အပ်ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်

No comments: