Nissanဟာ
အဝေးပြေး လမ်းမတွေပေါ်မှာ မောင်းသူမဲ့ နည်းပညာ အထောက်အပံ့ ပေးနိုင်မယ့်
ကားမော်ဒယ်လ်သစ်တွေကို ဂျပန်နိုင်ငံမှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
ProPILOTလို့ နာမည်ပေးထားတဲ့ အလိုအလျောက် ထိန်းချုပ်မောင်းနှင်မှုစနစ်
ပါဝင်တဲ့ ကားတွေကို ဩဂုတ်လမှာ ပြည်တွင်းဈေးကွက်ထဲ အရင်ဆုံး
ဖြန့်ချိမယ်လို့ ဂျပန်ကုမ္ပဏီကြီးက ကြေညာခဲ့ပါတယ်။ ProPILOTဟာ
မောင်းသူမဲ့ကား နည်းပညာ တစ်ခုဖြစ်ပြီး တစ်လမ်းမောင်း
အဝေးပြေးလမ်းမကြီးတွေရဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ ကိုက်ညီအောင် တီထွင်ထားတာ
ဖြစ်ပါတယ်။
Nissanဟာ ဒီစနစ်ကို လာမယ့်လအတွင်း ရောင်းချမယ့် Serena
မော်ဒယ်လ်တွေမှာ စတင်ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှု
တစ်ခုကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ Teslaရဲ့ မောင်းသူမဲ့ကား နည်းပညာ
Autopilotနဲ့ ခိုင်းနှိုင်းမှုတွေ ရှိပေမယ့် စနစ်နှစ်ခုကြား တည်ဆောက်ပုံ
လုံးဝ မတူညီဘူးလို့ Nissanက အခိုင်အမာ ဆိုပါတယ်။
ProPILOTဟာ တစ်လမ်းမောင်း အဝေးပြေး လမ်းမတွေအတွက်သာ အထောက်အပံ့
ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဘေးပတ်ဝန်းကျင်က ကားတွေရဲ့ လှုပ်ရှားမှုကို အာရုံခံ
ထောက်လှမ်းရင်း ကားရဲ့ မြန်နှုန်း၊ ဦးတည်မှုနဲ့ ဘရိတ်စနစ်တွေကို
အလိုအလျောက် အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ ယာဉ်ကြောထူထပ်တဲ့
နေရာတွေကို ရောက်သွားရင် ကားအရှိန်ကို နှေးသွားအောင် စနစ်ကို
ခိုင်းစေပါလိမ့်မယ်။
Nissanရဲ့ အဆိုအရ ProPILOTဟာ လမ်းပေါ်မှာ ကိုယ့်ကားရှေ့က ဦးဆောင်နေတဲ့
ကားတစ်စီးကို အန္တရာယ် ကင်းရှင်းလောက်တဲ့ အကွာအဝေးလောက်ထိ ခြားထားမှာ
ဖြစ်သလို ယာဉ်ရဲ့ မြန်နှုန်းကိုလည်း တစ်နာရီ ၁၈ မိုင်နှုန်းကနေ မိုင် ၆၀
နှုန်းအတွင်းသာ ကန့်သတ် မောင်းနှင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစနစ်အတွက်
ကားရဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီ မြင်ကွင်းကို ထောက်လှမ်းနေမယ့်
ကင်မရာစနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီစနစ်ကို Mobileye ကုမ္ပဏီက
ထောက်ပံ့တာပါ။ Mobileyeဟာ လတ်တလောမှာ မောင်းသူမဲ့ကား နည်းပညာအတွက် BMW၊ GM၊
Volvoတို့နဲ့လည်း လက်တွဲ အကောင်အထည် ဖော်နေပါတယ်။
ProPILOT နည်းပညာမှာ ရှေ့ကကား ရပ်သွားရင် ကိုယ့်ကားပါ လုံးဝဥဿုံ
ရပ်တန့်သွားနိုင်တဲ့ Featureမျိုးလည်း ပါဝင်ပါတယ်။ Teslaရဲ့ Autopilot
စနစ်နဲ့ မတူတာက ProPILOTဟာ သတ်မှတ်လမ်းကြောင်း တစ်ခုမှာ မောင်းနှင်နေရာကနေ
တခြားလမ်းကြောင်း တစ်ခုကို မပြောင်းနိုင်ပါဘူး။ ပိုကောင်းတဲ့ လုံခြုံရေး
စနစ်အနေနဲ့ကတော့ ယာဉ်မောင်းက လက်ကိုင်ဘီးခွေကို လက်လွှတ်လိုက်တာနဲ့ စနစ်က
အလိုအလျောက် သတိပေးမှာဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း အလိုအလျောက်
မောင်းနှင်စနစ်က အသက်ဝင်လာမှာ ဖြစ်ပါတယ်။
Nissanက သူတို့ရဲ့ ကားတွေကို မောင်းသူမဲ့ နည်းပညာ
အထောက်အပံ့ကောင်းတွေကို ပိုမိုဖြည့်တင်းပေးဖို့ စီစဉ်နေပေမယ့် လတ်တလောမှာ
နောက်ထပ် Featureသစ်တွေ ထည့်သွင်းပေးဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Nissanဟာ အပြည့်အဝ မောင်းသူမဲ့ နည်းပညာ အထောက်အပံ့ ပေးနိုင်မယ့် ကားတွေကို
၂၀၂၀ ပြည့်နှစ်လောက်မှာ စတင်မိတ်ဆက် ရောင်းချသွားနိုင်ဖို့လည်း
မျှော်လင့်ထားပါတယ်။
Ref: Tech Crunch
#ZYW
No comments:
Post a Comment