Saturday, July 16, 2016

အိန္ဒိယ၏ ရှေးဟောင်း နာလန်ဒါ တက္ကသိုလ်ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်း ထည့်သွင်း

၂၀၀၆ ဇူလိုင် ၅ ရက်က အိန္ဒိယနိုင်ငံ နာလန်ဒါမြို့ရှိ နာလန်ဒါ တက္ကသိုလ် အပျက်အစီးများ အကြား တွေ့ရသော ခရီးသွားများ (Photo: AP)
ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီဖြစ်သော ယူနက်စကိုက အီရန်၊ အိန္ဒိယ၊ တရုတ်နှင့် မိုက်ခရိုနီးရှားတို့ရှိ နေရာလေးခုကို ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး စာရင်းထဲသို့ ဇူလိုင် ၁၅ ရက်တွင် အသစ်ထည့်သွင်း လိုက်သည်။

ယူနက်စကိုက အသစ် ထည့်သွင်းလိုက်သော နေရာများထဲတွင် အီရန်နိုင်ငံ ခနက် ရေပေးဝေရေး စနစ်များ၊ တရုတ်နိုင်ငံ ဆူအော့ကျန်ဟွာရှန် ကျောက်တုံး အနုပညာ ယဉ်ကျေးမှု ရှုခင်းနှင့် အိန္ဒိယနိုင်ငံ နာလန်ဒါ မဟာဝီဟာရ ရှေးဟောင်းနေရာတို့ ပါဝင်သည်။

နာလန်ဒါသည် ငါးရာစု အစောပိုင်းက ထူထောင်ခဲ့သော ဗုဒ္ဓဘာသာ တက္ကသိုလ် တစ်ခုဖြစ်ပြီး ၁၁၉၃ ခုနှစ်တွင် ကျူးကျော်ဝင်ရောက် သိမ်းပိုက်သူများက မီးရှို့ ဖျက်ဆီးခဲ့သည်။ ယင်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံး လူနေတက္ကသိုလ် တစ်ခုဖြစ်ပြီး တရုတ်၊ ပါရှားနှင့် တူရကီနိုင်ငံတို့ အထိ ဝေးလံသော ဒေသများမှ ပညာ သင်ကြားလိုသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းတက္ကသိုလ်သည် အောင်မြင် ကျော်ကြားချိန်၌ ကျောင်းသားနှင့် ဆရာ ၁၀,၀၀၀ ကို နေရာထိုင်ခင်း ပေးနိုင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲမှ စီမံချက်ကို ကျောထောက် နောက်ခံအဖြစ် ရယူကာ စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျော့ယိုးက သံတမန်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများကို ဦးဆောင်ပြီး မကြာသေးမီနှစ်များ အတွင်း အဆိုပါ တက္ကသိုလ်ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အဆိုပါ တက္ကသိုလ်ကို အိန္ဒိယ၊ ဘူတန်နှင့် ဂျပန်တို့မှ ကျောင်းသား ၁၅ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ သမိုင်းဆိုင်ရာ လေ့လာမှုဌာနနှင့် ဂေဟဗေဒနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လေ့လာမှု ဌာနတို့အား ရာဂါမြို့ရှိ ယာယီ ကျောင်းဝင်း တစ်ခုအတွင်း ဖွင့်လှစ်ခဲ့ပြီး ဆရာ ၁၁ ဦး ရှိသည်။
Writer: 
Ref: AFP

No comments: