Wednesday, July 27, 2016

ရန်စ ... ငဖြိုး ကွဲပြန်ပြီ :-) :-)

ရန်ကုန်တိုင်း အစိုးရက အထပ်ပြန်လျှော့ရန် ညွှန်ကြားခဲ့သည့် အထပ်မြင့် အဆောက်အအုံများမှာ စည်းကမ်းဖောက်ဖျက်မှု မတွေ့ရသည့်အတွက် အရေးယူရန် မသင့်ဟု ရန်ကုန်တိုင်းလွှတ်တော် ကော်မတီက ရန်ကုန်တိုင်း အစိုးရထံ သုံးသပ်ချက် ပြန်လည်တင်ပြ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထပ်များ ပြန်လျှော့ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည့် အထပ်မြင့် အဆောက်အအုံများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီက သွားရောက် စစ်ဆေးရာ စည်းကမ်း ဖောက်ဖျက်မှု မတွေ့ရသည့်အတွက် အရေးယူရန် မသင့်ကြောင်း အဆိုပါ ကော်မတီက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ သုံးသပ်ချက် ပြန်လည် တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ယခင်အစိုးရ လက်ထက်က ပါမစ်ကြီးကျခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံ ၆၄ လုံးအနက် ၁၂ လုံးကို စစ်ဆေးရာတွင် အဆိုပါ ၁၂ လုံးအား အထပ်များ ပြန်လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက အထပ်များ ပြန်လျှော့ရန် ညွှန်ကြားခဲ့သည့် အဆောက်အအုံများ၏ ပိုင်ရှင်များအနက် ရှစ်ဦးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီထံ တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့တိုင်ကြားရာတွင် ၎င်းတို့၏ နစ်နာမှုများကိုပါ ထည့်သွင်း တိုင်ကြားခဲ့သဖြင့် ယင်းကိစ္စကို ပြန်လည်စစ်ဆေး ကြားနာခဲ့ခြင်းအပြင် ကွင်းဆင်း စစ်ဆေးမှုများပါ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ကျွန်မတို့ ကော်မတီ အနေနဲ့ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တိုင်တာကို ကျွန်မတို့က ကြားနာပြီးပြီ။ တိုင်းဒေသကြီး အစိုးရဘက်ကိုလည်း ကျွန်မတို့က သုံးသပ်ချက် အစီရင်ခံစာ ဆိုတာကို ဒီလထဲမှာပဲ တင်ပြီးသွားပြီ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ နှစ်ခေါက်သုံးခေါက်လောက် တွေ့ခဲ့တယ်။ မြေပြင်ကိုလည်း ကျွန်မတို့ သွားကြည့်တယ်။ ဘာကြောင့် သူတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်ချက် ထွက်လာတဲ့ အချိန်မှာ ကားပါကင်တွေ လျော့နည်းတယ်။ ဒါကြောင့် အထပ်တွေ လျှော့ရမယ် ပြောတယ်။ ကားပါကင်က တကယ်ပဲ ဘယ်လိုနည်းနဲ့ တွက်ထားတာလဲ။ တကယ်ပဲ လျော့နည်းနေသလား။ ကျွန်မတို့ သွားကြည့်တဲ့ အခါကျတော့ စည်ပင်သာယာက ပေးထားတဲ့ Standard ၈ ပေ × ၁၆ ပေ အတိုင်း လုပ်ထားတာ တွေ့ရတယ်။ ၂၀ ရာခိုင်နှုန်းတောင် အပိုထပ်ဆောင်းပြီး ဧည့်သည်တွေအတွက် လုပ်ထားတာ တွေ့ရတယ်။ အခုက ကားပါကင် လျော့နည်းတာ တစ်ခုတည်းနဲ့ အထပ်တွေ လျှော့ခိုင်းလိုက်တယ်။ အထပ်လျှော့တယ်ဆိုတော့ အခန်းတွေပါ လျော့သွားတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထိုသို့စစ်ဆေးရာတွင် အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများ၌ လွဲချော်မှု ရှိနေသည်ကို မတွေ့ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများသည် မူလဥပဒေကို ဖောက်ဖျက်ကာ ဆောက်ခဲ့သည်ဆိုပါက အရေးယူရမည် ဖြစ်သော်လည်း ဖောက်ဖျက်မထားသည်ကို တွေ့ရသည့် အတွက် အရေးယူရန် မသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သုံးသပ်ချက် ပြန်လည် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာဖြစ်လို့ ဒီလိုဖြစ်တယ် ဆိုတာကို ကျွန်မတို့ ကော်မတီကို လာတိုင်တဲ့ လုပ်ငန်းရှင် ရှစ်ဦးကို သေသေချာချာ တစ်ဦးချင်းစီ ပြန်စစ်တယ်။ အဲဒီအခါမှာ လွဲချော်မှုရှိနေတာတော့ ကျွန်မတို့ မတွေ့ဘူး။ ဒါကြောင့်မို့  အကောင်းဆုံးနည်းနဲ့ပဲ သုံးသပ်ချက်ကို ပြန်ရေးပေးထားတယ်။ နဂိုတုန်းက ကျွန်မတို့ မူလဥပဒေကို ဖောက်ဖျက်ပြီးတော့ ဆောက်ခဲ့တယ် ဆိုရင်တော့ ဒါကို အရေးယူရမယ်။ အခု ဖောက်ဖျက်ထားတာ မတွေ့တဲ့အတွက် အရေးယူရန် မသင့်ပါဘူးဆိုပြီး ကျွန်မတို့က ပြန်တင်ပြထားတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင် ယခင်အစိုးရ လက်ထက်က ပါမစ်ကြီးကျပြီးသားနှင့် မူအားဖြင့် ခွင့်ပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံများကို ပြန်လည် စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ပြီး အထပ်မြင့် အဆောက်အအုံ ၂၀၀ ကျော် ရပ်နားထားရပြီး ယင်းတို့အနက်မှ ပါမစ်ကြီးကျပြီးသား ၁၂ လုံးမှာ အထပ်များ ပြန်လျှော့ခံခဲ့ရသည်။

သို့ဖြစ်ရာ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများမှ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သည့် ကိစ္စများကိုပါ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တင်ပြခဲ့ကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။

“ဆောက်လုပ်ရေးဆိုက်တွေ အားလုံး ရပ်ထားရတယ်။ အဲဒီမှာ တစ်နေ့ကို ၅၀၀၀၊ ၇၀၀၀၊ ၁၅၀၀၀၊ ၂၀၀၀၀ စသည်ဖြင့်ရတဲ့ အလုပ်သမားတွေ ရှိတယ်။ ဒီလိုအလုပ်သမား တစ်ဦးက တစ်ရက်ကို ၂၀၀၀၀ တောင် ရတာရှိတဲ့အတွက် အခုရပ်ခံရတော့ သူတို့အတွက် အလုပ်လက်မဲ့ ဖြစ်လာတယ် ဆိုတာလည်း လုပ်ငန်းရှင်တွေက ကျွန်မတို့ကို တင်ပြခဲ့ကြတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

အထပ်ပြန် လျှော့ခံခဲ့ရသည့် အထပ်မြင့် အဆောက်အအုံများသည် ယခင်အစိုးရလက်ထက်က တည်ဆဲစည်းမျဉ်းများ၊ မူဝါဒများနှင့် စနစ်တကျ တည်ဆောက်ခဲ့သော အထပ်မြင့် အဆောက်အအုံများဖြစ်ပြီး ၎င်းတို့ကို စည်းမဲ့ကမ်းမဲ့ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အထပ်များ ပြန်လျှော့ခိုင်း၍ များစွာနစ်နာကြောင်း၊ ဆောက်လုပ်ရေး ဈေးကွက်တစ်ခုလုံး ပြိုလဲမည့် အနေအထားသို့ ရောက်ရှိနေကြောင်း လုပ်ငန်းရှင်များက ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
Writer:
ကျော်ထင်

No comments: