Wednesday, July 27, 2016

ခေါင်းဆောင်နှစ်ဦး၏ နွေးထွေးသောဆက်ဆံရေးနှင့် အလားအလာကောင်းလာသော ငြိမ်းချမ်းရေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့)က ပြုလုပ်သော ဆွမ်းဆက်ကပ်ပွဲ၌တွေ့ရသည့် ဆရာတော်အရှင်ဆန္ဒာဓိကနှင့် နိုင်ငံ့ခေါင်းဆောင်များ ဓာတ်ပုံ - Nay Chy
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သင်္ကေတတစ်ရပ် အဖြစ် တင်စားခြင်းခံရသူပါ။ သူ့အနေနဲ့ ဧပြီလကစလို့ လက်ရှိ မြန်မာအစိုးရကို ဦးဆောင်ခဲ့ရာမှာ ခက်ခဲကြမ်းတမ်းတဲ့ အစပြုမှုတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က စလို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာပါပြီ။ တစ်နည်းအားဖြင့် စပ်ကူးမပ်ကူး အနေအထားကနေ ဒီမိုကရေစီ ပိုမိုပြည့်ဝပြီး ပိုမိုငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခု အဖြစ် မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ကို ပီပီပြင်ပြင် စတင်နိုင်လုနီးပါး ဖြစ်လာပါပြီ။ဘာကြောင့်ပါလဲ။ မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်က သူ့အမြင်ကို အခုလို ရှင်းပြပါတယ်။

ဒီအပြောင်းအလဲကို ဖော်ဆောင်ရာမှာ အရေးကြီးဆုံး ဖြစ်တန်ခြေက မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို မြှင့်တင်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်နှစ်ခုနီးပါးလောက် နေအိမ် အကျယ်ချုပ်နဲ့
ထိန်းသိမ်း ထားခဲ့တာဟာ တပ်မတော် အစိုးရခေါင်းဆောင်တွေပဲ ဖြစ်ခဲ့ပါတယ်။
ဇူလိုင်လလယ်လောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်ပိုင်း တချို့နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား နယ်မြေအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို
တောင်းဆိုနိုင်ဖို့ နှစ်ပေါင်း ၆၀ လောက် အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် ကြိုးစား အကောင်အထည်ဖော်နေတဲ့
ပြည်လုံးကျွတ် ငြိမ်းချမ်းရေး ညီလာခံကြီး ဖြစ်မြောက်ရေးအတွက် အကြိုအားထုတ်မှုလည်း ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံလို့ ညွှန်းဆိုတဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဩဂုတ်လကုန်မှာ လက်တွေ့ပြုလုပ်နိုင်ဖို့
မျှော်မှန်းထားပါတယ်။ ၁၉၄၇ မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုးခဲ့တဲ့  ပင်လုံညီလာခံကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်လည်း ဖြစ်ပါတယ်။
The Lady လို့ လူသိများခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီမှာ သူဦးဆောင်တဲ့ အစိုးရ အာဏာရလာချိန်ကတည်းက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ကဏ္ဍကို အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်အနေနဲ့
အကောင်အထည်ဖော်ဖို့ အားထုတ်ခဲ့ပါတယ်။
လက်ရှိ ဆွေးနွေးမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်ဖို့ သဘောတူညီမှု မရသေးပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံကို အမှန်တကယ်ဒီမိုကရေစီ ထွန်းကားတဲ့ ဖက်ဒရယ်နိုင်ငံ တစ်ခုအဖြစ် ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာစေဖို့ ဦးတည်နေတယ် ဆိုတာကို သံသယ အနည်းအကျဉ်းလောက်သာ ရှိပါလိမ့်မယ်။ မြန်မာအစိုးရကလည်း လက်ကျန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ ညီလာခံမှာ ပါဝင်ဆွေးနွေးကြဖို့ တိုက်တွန်း ဖိတ်ခေါ်နေပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကနဦး တွေ့ဆုံခဲ့မှုဟာ အများမြင်ကွင်း နောက်ကွယ်မှာ လူသိနည်းပေမယ့် အင်မတန် အရေးကြီးတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ပေါက်လာစေတယ် လို့လည်း ယုံကြည်ရပါတယ်။
ဒီအတောအတွင်း The Ladyနဲ့ မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ဆက်ဆံရေး နွေးထွေးလာမှုကလည်း မျှော်လင့်ချက်တွေကို ပိုပြီး ခိုင်မာ အားကောင်းလာစေတယ်။
မကြာသေးခင်က အခြေအနေတွေကို ခြုံငုံကြည့်ရင် ခေါင်းဆောင် နှစ်ယောက်ကြား အတူတကွ အလုပ်သဘော ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာတဲ့ အရိပ်လက္ခဏာတွေကို တွေ့မြင်နေရပါတယ်။
အများပြည်သူ ရှေ့မှောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို အတူယှဉ်တွဲ တွေ့မြင်လာရတယ်။
ဒီမြင်ကွင်းမျိုးဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက  တောင်ပြိုကမ်းပြိုရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း အတော်လေးရှားပါးခဲ့တဲ့ အခြေအနေမျိုးပါပဲ။
အကောင်းဘက်ကို ဦးတည်လာတဲ့ ဒီဆက်ဆံရေးသစ်ကို ထင်ထင်ရှားရှား မြင်သာစေတာက ဇူလိုင် ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားပဲ ဖြစ်ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရတဲ့ (၆၉)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက် ခဲ့တယ်။
 နိုင်ငံတော် အခမ်းအနားနဲ့ အာဇာနည်နေ့ ကျင်းပအပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အင်းလျားကန်ဘေးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အကျဉ်းရုံးပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲကိုလည်း
သွားရောက်ခဲ့ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ ထိပ်ဆုံးအဆင့် စစ်ဦးစီးချုပ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက် လည်ပတ်ခြင်းဟာ ဒါပထမဆုံး အကြိမ်ပါပဲ။
တစ်နည်းအားဖြင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦး တက္ကသိုလ်ရိပ်သာလမ်းနေ အိမ်မှာ ပထမဆုံးအကြိမ် ခြေချလာခြင်းလည်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်မရခဲ့သည့်တိုင် နိုင်ငံရဲ့ အဓိကခေါင်းဆောင်အဖြစ် သိသာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေးမှာ ဩဇာကြီးမားလွန်းတဲ့ နေရာက ရပ်တည်နေဆဲ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား အလုပ်သဘောအရ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု ပေါင်းကူး အကောင်အထည် ဖော်နိုင်ခြင်းကို ပြဆိုနေတာပါပဲ။
ဒါဟာ သိပ်အရေးကြီးတဲ့ တိုးတက်မှု တစ်ခုပါပဲ။ တပ်မတော်ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဘယ်လို အရပ်သား အစိုးရမဆို တပ်မတော်ရဲ့ ထောက်ခံမှုကိုရရှိဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာလည်း နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍမှာ အန္တရာယ် ကျရောက်နိုင်ခြေ တစ်ခုခုရှိနေပြီလို့  တပ်မတော ကာကွယ်ရေးဦးစီးချုပ်က ယူဆလာရင် နိုင်ငံအာဏာကို တပ်မတော်က လက်လွှဲသိမ်းယူခွင့် ရှိနေဆဲလို့ ပြဋ္ဌာန်းထားပါတယ်။
ဒီတော့ ၁၉၈၈ နောက်ပိုင်း တစ်လျှောက်လုံး ပြိုင်ဘက်တွေ အသွင် ရပ်တည်ခဲ့ရာကနေ အခု အချိန်မှာတော့ The Lady နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ လက်တွဲ ပူးပေါင်းဆောင်ရွက်မှု သင်္ကေတတွေ တွေ့မြင်လာရတဲ့ အခါလက်ရှိနိုင်ငံရေး နယ်ပယ်က အတားအဆီးတွေကို ဖယ်ရှားပြီး အစိုးရသစ်အနေနဲ့ အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ သူတို့ရဲ့ စိတ်ကူးအမြင်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေးတွေ ဖန်တီး လာနိုင်မှာ ဖြစ်ပါတယ်။
 (BBC ၏ အယ်ဒီတာဟောင်းနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင် ရေးသားသည့် Myan-mar's Lady cosies up to the General ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုပါသည်။)

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့)က ပြုလုပ်သော ဆွမ်းဆက်ကပ်အလှူ၌
ဆရာတော် အရှင်ဆန္ဒာဓိက၊ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် (အင်းမ))တို့ကို ဖူးမျှော်နေသော
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို တွေ့ရစဉ်

No comments: