Wednesday, July 27, 2016

မက်ခဲ့တာသူဌေးအိပ်မက် ရခဲ့တာထောင်ရောဂါ

မြန်မာနိုင်ငံသားများအပါအ၀င် ပြည်ပနိုင်ငံများမှအကျဉ်းသားများကို ထားရှိသော မလေးရှားရှိ Semenyih အကျဉ်းစခန်းသို့ မြန်မာသံအမတ်က သွားရောက်၍ မြန်မာအကျဉ်းသားများကို တွေ့ဆုံအားပေးနေစဉ်။ (ဓာတ်ပုံ-Myanmar Embassy in Kuala Lumpur, Malaysia)
မိသားစုဘဝအဆင်ပြေစေရေးအတွက် မလေးရှားနိုင်ငံသို့ ကိုးနှစ်ခန့် သွားရောက်လုပ်ကိုင်ပြီးနောက် အမိမြေသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကိုစောသိန်းမှာ အမာရွတ်သုံးခုနှင့် ဆေးကုသရန် ရောဂါတစ်မျိုးသာ အဖတ်တင်ကျန်ရစ်ခဲ့သည်။
အသက် (၂၉)နှစ်အရွယ် ကိုစောသိန်းရရှိလာသော အမာရွတ်သုံးခုမှာ တရားမဝင်လာရောက်မှုကြောင့် မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကြိမ်ဒဏ်သုံးချက်နှင့် ထောင်ဒဏ်ငါးလ အပြစ်ပေးရာမှရရှိသော ကြိမ်ဒဏ်ရာ အမာရွတ်သုံးခုဖြစ်သည်။ ရောဂါမှာ ကိုစောသိန်းနေထိုင်ရသော ဘူကစ်ဂျာလီအကျဉ်းစခန်းမှ ရရှိလာခြင်းဖြစ်သည်။
ရောဂါ၏ အမည်ကို ‘ထောင်ရောဂါ’ ဟု ဘူကစ်ဂျာလီအကျဉ်းစခန်းမှ ၎င်းနှင့်ဘဝတူမြန်မာအကျဉ်းသားများက အလွယ်နာမည် တပ်ခေါ်ဝေါ်ကြသည်။
ထိုရောဂါစတင်ဖြစ်ပွားပါက တစ်ပတ်အကြာတွင် အစားအစာများစား၍မရဘဲ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်ဟု ဆိုသည်။ နှစ်ပတ်အကြာတွင် အပေါ့၊ အလေးများစွန့်၍မရတော့ဘဲ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ပွားပြီး နောက်ထပ်တစ်ပတ်အကြာ သုံးပတ်မြောက်၌ အများစုသေဆုံးလေ့ရှိကြောင်း ဘူကစ်ဂျာလီအကျဉ်းစခန်းမှ ပြန်ရောက်လာသူများက ပြောသည်။
 ‘‘ရောဂါစဖြစ်ပြီဆို ထမင်းလည်း စားလို့မရဘူး။ ခြေထောက်က ရောင်လာတယ်။ လက်နဲ့ထိုးကြည့်လိုက်ရင် ဝင်ဝင်သွားတယ်။ ရောဂါဖြစ်လို့ ဆေးတောင်းလည်း မပေးဘူး။ တစ်ခါတလေ အကိုက်အခဲပျောက်ဆေးပဲ ပေးတယ်’’ ဟု ခန္ဓာကိုယ်ပိန်လှီပြီး အသားအရေခြောက်သွေ့နေကာ ခြေထောက်များညိုမည်းပြီး ရောင်နေသော ကိုစောသိန်းက ပြောပါသည်။

မလေးရှားရှိ မြန်မာလူမှုအသင်းအဖွဲ့များစုပေါင်းလှူဒါန်းကာ လေယာဉ်လက်မှတ်ဝယ်၍ ပြန်ပို့ပေးခဲ့သည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကိုစောသိန်းကို(၀ှီးချဲပေါ်မှ) ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ−နစ်ကီ)
ယင်းထောင်ရောဂါကြောင့် လက်ရှိတစ်နှစ်ခွဲအတွင်း ဘူကစ်ဂျာလီအကျဉ်းစခန်းရှိ မြန်မာနိုင်ငံသား ၃၀ ကျော် သေဆုံးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံသား ၂၀ခန့် ရောဂါကူးစက်ခံနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အစီအစဉ်ဖြင့် ဘူကစ်ဂျာလီအကျဉ်းစခန်းမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများက ပြောသည်။
မလေးရှားရှိ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံရပြီး ပြန်ရန်အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများကို မြန်မာလူမှုအသင်းအဖွဲ့အစည်းများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ကုသိုလ်အဖြစ် လေယာဉ်လက်မှတ်များဝယ်ပေးပြီး ပြန်ပို့ပေးရာ ဇူလိုင် ၂၀ ရက် ၌ မြန်မာနိုင်ငံသား ၆၈ ဦး ပြန်ရောက်လာရာ ယင်းအစီအစဉ်တွင် ကိုစောသိန်းလည်း ပါလာခဲ့ခြင်းဖြစ်သည်။
‘‘ရောဂါဖြစ်ပြီလို့ သိလိုက်တော့ သေမယ်လို့ထင်ခဲ့တာ။ ကိုယ့်အရင်ကလည်း ဆက်တိုက်သေနေတာ တွေ့တော့လေ။ မြန်မာပြည်ကို ပြန်ရောက်မယ်လို့ ထင်မထားတော့တာ’’ဟု ကိုစောသိန်းက သူ၏ ရောင်နေသောခြေထောက်ကို လက်ဖြင့်ထိုးနေရင်းက ပြောလေသည်။
ပြဿနာမှာ ရောဂါကြောင့် ထမင်းစား၍မရသည်ကို ဆန္ဒပြသည်ဟုထင်မှတ်ကာ အကျဉ်းစခန်းအရာရှိများက ရိုက်နှက်လေ့ရှိကြောင်း ကိုစောသိန်းက အသံတုန်တုန်ရီရီဖြင့် ပြောသည်။
ကြိမ်ဒဏ်သုံးချက် ရိုက်ခံရသည့် တင်ပါးကဒဏ်ရာကလည်း သေရာပါမည့်အရာဖြစ်သည်ဟု ကိုစောသိန်းက ဆိုသည်။
ကိုစောသိန်းဖြစ်ပွားသည့် ထောင်ရောဂါဆိုသည်မှာ ကာလရှည်အကျဉ်းထောင် မသန့်ရှင်းခြင်း၊ သမံတလင်းပေါ်တွင် အိပ်စက်ရခြင်း၊ လေကောင်းလေသန့်မရခြင်းနှင့် လမ်းမလျှောက်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း ကိုစောသိန်းအား ဆေးကုသပေးနေသော သဘာဝတရားရိပ်သာ (သန်လျင်) မှ ဆရာမတစ်ဦးက သုံးသပ်ပြောကြားသည်။ ဆေးကုသရန် လိုအပ်နေသကဲ့သို့ ပြန်ရန်လမ်းစရိတ် ခက်ခဲနေသော ကိုစောသိန်းသည် သဘာဝတရားရိပ်သာ (သန်လျင်) တွင် ဆေးကုသမှုခံယူနေသည်။

ကိုစောသိန်းနှင့်အတူ ပြန်လည်ရောက်ရှိလာသော ဘဝတူများ။ (ဓာတ်ပုံ-နစ်ကီ)
ကိုစောသိန်းသည် မိဘများမသိဘဲ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ခဲ့သူဖြစ်သည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဇာတိဖြစ်ပြီး မောင်နှမလေးဦးအနက် အငယ်ဆုံးသားလည်း ဖြစ်သည်။ ၂၀၀၈ တွင် ထိုင်းနိုင်ငံသို့ ရေလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ရာမှ ထိုနှစ်မှာပင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ခဲ့သည်။ မလေးရှားနိုင်ငံတွင်လည်း ရေလုပ်သားအဖြစ် လုပ်ကိုင်နေစဉ် ၂၀၁၅ ၌ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးကာ ထောင်ဒဏ်ငါးလဖြင့် ဘူကစ်ဂျာလီအကျဉ်းစခန်းတွင် တစ်နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။
ဖမ်းဆီးခံရချိန်၌ သူ၏လက်ထဲတွင် ရင်းဂစ် ၇၀၀ နှင့် ဖုန်းတစ်လုံးသာရှိပြီး ယင်းရင်းဂစ် ၇၀၀ နှင့် ဖုန်းတစ်လုံးကို မလေးရှားရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ကိုစောသိန်းက ရယ်၍ပြောသည်။
ဘူကစ်ဂျာလီအကျဉ်းစခန်းသည် ကွာလာလမ်ပူမြို့တွင်ရှိသည်။ မလေးရှားရောက် မြန်မာနိုင်ငံသားများအား အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအပြစ်ပေးပြီးတွင် ပြန်လွှတ်မပေးသေးဘဲ ထိန်းသိမ်းရေးအကျဉ်းစခန်း ၁၁ ခုတွင် ဆက်လက်အထားခံရလေ့ရှိသည်။ ဘူကစ်ဂျာလီသည် အကျဉ်းစခန်း ၁၁ ခုအနက်မှ တစ်ခုဖြစ်သည်။
ဘူကစ်ဂျာလီအကျဉ်းစခန်း၌ ၁၀ ပေပတ်လည်အခန်းများနှင့် ၁၅ ပေပတ်လည် အခန်းများရှိပြီး ၁၀ ပေပတ်လည်အခန်းတွင် အကျဉ်းသား ၁၀ ဦးခန့်ထားရှိပြီး ၁၅ ပေပတ်လည်အခန်း၌ ၂၄ ဦးအထိ ထားလေ့ရှိသည်။ အောက်ခြေတွင် သမံတလင်းခင်းထားပြီး အခန်းတစ်ခန်းတွင် လေဝင်ပေါက်အဖြစ်တစ်ပေါက်သာရှိသည်။
အကျဉ်းစခန်းအတွင်း ရောက်ရှိလာသူများကို အပြင်သို့ ပေးထွက်ခွင့်မပြုပေ။ အခန်းမှာ ကျဉ်းပြီးလူများသောကြောင့် လမ်းလျှောက်၍မရဘဲ နေ့စဉ်ရက်ဆက်ထိုင်နေခြင်းနှင့် လဲလျောင်းခြင်းတို့သာ ပြုလုပ်နေရသည်ဟု ဆိုသည်။ ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံ နေရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ရှိကြောင်း ဇူလိုင် ၂၀ ရက်တွင် ပြန်ရောက်လာသူများက ပြောသည်။

သဘာဝတရားရိပ်သာတွင် ဆေးကုသမှုခံယူနေသော ကိုစောသိန်း (ဓာတ်ပုံ-စိုင်းဇော်)
‘‘အခန်းထဲကို ရောက်ပြီဆိုတာနဲ့ ဘယ်မှပေးမထွက်တော့ဘူး။ နေ့ရောညပါ ထိုင်နေရင်နေမဟုတ်ရင် အိပ်နေရတာ။ လမ်းလျှောက်လို့လည်း မရဘူး။ ပြန်ခွင့်မရမချင်း အဲဒီအခန်းထဲမှာပဲ နေနေရတာ။ အိပ်ရင်လည်း ဒူးကွေးပြီး အိပ်ရတယ်။ ခြေဆန့်လိုက်ရင် သူ များထိသွားတယ်။ အိမ်သာနဲ့ ရေချိုးခန်းလည်း အဲဒီထဲမှာပါတယ်’’ ဟု ဘူကစ်ဂျာလီအကျဉ်းစခန်းတွင် တစ်နှစ်နှင့်လေးလကြာ နေထိုင်ခဲ့ရသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ကိုအောင်ဝင်းကလည်း ပြောသည်။
ကိုအောင်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကုသိုလ်အဖြစ် အစီအစဉ်တွင် ကိုစောသိန်းနှင့်အတူ ပြန်ရောက်လာခြင်းဖြစ်သည်။
ကိုအောင်ဝင်းနေထိုင်ခဲ့သည့် တစ်နှစ်ခွဲခန့်အတွင်း ထောင်ရောဂါကြောင့် သေဆုံးသူ မြန်မာနိုင်ငံသား ၄၆ ဦးကို မျက်မြင်တွေ့ရှိသည်ဟု အတွေ့အကြုံကို ပြောသည်။ အကျဉ်းစခန်းသူငယ်ချင်းဖြစ်သူ ထားဝယ်မြို့မှ ကိုဗြိတ်ဆိုသူသည် ထောင်ရောဂါဖြင့် သူ၏လက်ထဲတွင် သေဆုံးသွားကြောင်း စိတ်မကောင်းစွာဖြင့် ကိုအောင်ဝင်းက ပြောသည်။
ထောင်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူများကို အမြဲသင်္ဂြိုဟ်ပေးရလေ့ရှိကြောင်း ကွာလာလမ်ပူမြို့ အခြေစိုက်ကပ်ပုန်း ခုနစ်ရက်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။
‘‘အကျဉ်းစခန်းတွေမှာ ရေလုံလောက်မှုမရှိဘူး။ တစ်ခါတလေ အိမ်သာရေတောင် သောက်ရတယ်။ သူတို့က အမြဲတမ်းဘောင်းဘီအတိုနဲ့နေတယ်။ အုတ်ခင်းပေါ်မှာ အိပ်ရတော့ ခြေထောက်မှာ ရောင်လာတဲ့ရောဂါဖြစ်လာတာပေါ့။ အဲဒါကြောင့် သေတဲ့သူတွေ မနည်းဘူး။ တစ်ခါတလေ နှစ်လောင်းသင်္ဂြိုဟ်ပေးရတာတောင် ရှိတယ်’’ဟု ကိုစန်းဝင်းက ပြောသည်။ ကိုစန်းဝင်းသည် လင်းခေးအကျဉ်းစခန်းတွင် နေထိုင်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။

သဘာဝတရားရိပ်သာတွင် ကိုစောသိန်းနှင့်ဘဝတူ သူငယ်ချင်းအချို့။ (ဓာတ်ပုံ-စိုင်းဇော်)
၂၀၁၄ ကလည်း မလေးရှားနိုင်ငံ KLIA အကျဉ်းစခန်းတွင် ကူးစက်ရောဂါပိုးတစ်မျိုးကြောင့် မြန်မာနိုင်ငံသားခြောက်ဦး သေဆုံးပြီး ယင်းရောဂါပိုးကူးစက်ခံရသူ ခုနစ်ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။
စခန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိသည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဆိုသည်။ စခန်းတစ်ခုစီတွင် မြန်မာနိုင်ငံသား ၃၀၀ ဖြင့်သာတွက်ပါက စခန်း ၁၁ ခု၌ စုစုပေါင်း မြန်မာနိုင်ငံသား အနည်းဆုံး ၃,၀၀၀ ကျော်ရှိသည်။ အများစုသည် ပြစ်ဒဏ်လွတ်မြောက်လာသော်လည်း ပြန်ရန်လမ်းစရိတ်မရှိ၍ စခန်းများတွင် နေထိုင်ရသူများဖြစ်သည်။ အချို့သူများသည် ၎င်းတို့၏ မိသားစုနှင့် အဆက်အသွယ်မရ၍ ပြန် ရန်လမ်းစရိတ်ထောက်ပံ့မည့်သူ မရှိသောကြောင့် ထိုစခန်း၌ပင် ၎င်းတို့၏ ဘဝနိဂုံးချုပ်ဖွယ်ရှိနေသည်ဟု ဘူကစ်ဂျာလီစခန်းတွင် တစ်နှစ်နှင့်သုံးလကြာနေထိုင်ခဲ့သူ ကိုခင်မောင်ဦးက ပြောသည်။ အကျဉ်းစခန်းရောက် မြန်မာလုပ်သားများတွင် တူညီသည့်အချက်မှာ ကြီးပွားချမ်းသာရန် ပြည်ပထွက်အလုပ်လုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရကာ ဒုက္ခမျိုးစုံကြုံနေရခြင်း ဖြစ်သည်။
မှတ်ပုံတင်အထောက်အထားများ မပြောပြနိုင်ခြင်း၊ မိသားစုများထံ ဆက်သွယ်အကြောင်းကြားရန် လိပ်စာနှင့်ဖုန်းနံပါတ်များ မသိရှိခြင်းတို့ကြောင့် ယင်းစခန်းများတွင် သောင်တင်နေခြင်းဖြစ်သည်။ ဘူကစ်ဂျာလီစခန်းသို့ မကြာခဏ သွားရောက်လေ့ရှိသော  ကိုမျိုးညွန့်၏ ပြောကြားချက်အရအဆက်အသွယ်ပြတ်တောက်ကာစခန်းတွင် လေးနှစ်ကြာသည်အထိ သောင်တင်နေထိုင်ရသူများရှိကြောင်း ပြောသည်။
ယခုအခါ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် အကျဉ်းစခန်းများတွင်ရှိနေသော မြန်မာနိုင်ငံသားများကို စိစစ်ပြီး နိုင်ငံသားဖြစ်ကြောင်း လက်မှတ် (CI) ထုတ်ပေးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန် စီစဉ်နေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အသက် (၇၁)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် မလေးရှားနိုင်ငံ အကျဉ်းစခန်းများရှိ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား မလေးရှားရောက် မြန်မာလူမှုအသင်း အဖွဲ့အစည်းများစုပေါင်းကာ လေယာဉ်လက်မှတ်ဝယ်ပေးပြီး ပြန်ပို့ပေးနေရာ ဇူလိုင် ၁၃ ရက်မှ ၂၂ ရက်အထိ ၂၇၀ ဦး ပြန်ရောက်ရှိလာခဲ့သည်။

မြန်မာအကျဉ်းသားများနေထိုင်ခဲ့ရသည့် ဘူကစ်ဂျာလီအကျဉ်းထောင်။
ထို့အပြင် ဖိုးလမင်းထရေးဒင်းကုမ္ပဏီနှင့် ကမ္ဘောဇဘဏ်တို့ကလည်း အကျဉ်းစခန်းများတွင် ကျန်ရှိနေသော မြန်မာနိုင်ငံသားများအားလုံးကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်ခေါ်ရန် စီစဉ်လျက်ရှိသည်။
ယခင်က ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လိုသူများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာအပါအဝင် အခြားဝန်ဆောင်မှုများနှင့် လေယာဉ်လက်မှတ်ခရင်းဂစ် ၆၅၀ ပေးဆောင်နိုင်မှသာ ပြန်ခွင့်ရရှိခြင်းဖြစ်သည်။
အကျဉ်းစခန်း ၁၁ ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၁၅ ဇန်နဝါရီမှ ၂၀၁၆ ဇွန်လအထိ ၁၀,၉၁၄ ဦး ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရသည်မှာ ခက်ခဲကြမ်းတမ်းလှသော်လည်း ပြည်တွင်း၌ လုပ်ခလစာနှင့် အလုပ်အကိုင်နည်းပါးခြင်းတို့က ပြည်ပသို့ထွက်ခွာလုပ်ကိုင်နေရသည့် အကြောင်းရင်းဖြစ်သည်။
ဇူလိုင် ၂၀ ရက်က ပြန်ရောက်လာသော ကိုစောသိန်းအပါအဝင် ၆၈ ဦး၏ အိမ်အပြန်လမ်းတွင် တူညီသောအရာက အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြန်လာရခြင်းဖြစ်သည်။


LINE it!


No comments: