------ ------ ------ ------ ------
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သည့် ဟိုတယ် ၄၂ လုံးကို ရပ်ဆိုင်းထားရန်နှင့် ရွှေ့ပြောင်းရန်ညွှန်ကြားထားပြီးဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနများမှ တာဝန်ရှိသူများက News Watch သို့ ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သည့် ဟိုတယ် ၄၂ လုံးကို ဆောက်လုပ်မှု ဆိုင်းငံ့ရန် ညွှန်ကြားထားပြီဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
''ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ ဆောက်လုပ်တဲ့ ဟိုတယ် (၄၂)လုံးကို ဌာနကနေပြီးတော့ ဆောက်လုပ်မှုဆိုင်းငံ့ဖို့ အကြောင်းကြားပြီးဖြစ်ပါတယ်''ဟု ဦးဇော်ဇော်ထွန်းက အီးမေးလ်မှတဆင့် News Watch သို့ ပြောသည်။
ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO) ၀င်ရန် ဆောင်ရွက်လျက်ရှိသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် ဟိုတယ်များကို ဆက်လက်မဆောက်ရန်နှင့် ဆောက်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန် ကြားထားသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံ ရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။ ''အစိုးရအဖွဲ့က ဖွဲ့ပေးထားတဲ့ ကော်မတီကနေ ပုဂံယဉ်ကျေးမှုဇုန်မှာ တည်ဆောက်ထားတဲ့ ဟိုတယ်တွေနဲ့ပတ်သက်ပြီးတော့မှ စုံစမ်းစစ် ဆေးပြီးတော့ ဒီအဆောက်အဦတွေကို ဆက်လက်ပြီးတော့ မဆောက်ဖို့၊ ရပ်ဆိုင်းထားဖို့နဲ့ တခြားလွတ်ကင်း တဲ့နေရာတွေကို ရွှေ့ပြောင်းဖို့ဆိုပြီးတော့ ဆုံးဖြတ်ချက်ချပေးထားပါတယ်''ဟု ဦးမြင့်ထွေးက ပြောသည်။ အဆိုပါနယ်မြေအတွင်းရှိ ဟိုတယ် ၄၂ လုံးတွင် သုံးလုံးခန့်သာ ဘုရားစေတီနှင့် နီးကပ်နေပြီး ကျန်သည့် ဟိုတယ်များမှာ လူနေထိုင်သည့် မြို့ပြင်ဧရိယာတွင် တည်ရှိနေသဖြင့် ခွင့်ပြုပေးသင့်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးဖြစ်သည့် ဦးအောင်ကြိုင်က ပြောသည်။
''ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို လက်ထက်က အဲဒီ ၄၂ လုံးကိစ္စကို ကျွန်တော်ပြောခဲ့ပြီးသားဖြစ် ပါတယ်။ တချို့လည်း ဆောက်လက်စ၊ တချို့လည်း ဆောက်ပြီးပြီ။ နှစ်လုံး၊ သုံးလုံးကလွဲလို့ ကျန်တာတွေက ခွင့်ပြုပေးသင့်ပါတယ်။ သုံးလုံးလောက်က ဘုရားနား ကပ်နေတာပေါ့။ ဒါတော့ ခွင့်မပြုသင့်ဘူး။ ကျန်တာတွေက ညောင်ဦးတို့၊ ပုဂံမြို့သစ်တို့လို မြို့ပြဧရိယာမှာရှိတာပါ။ ဒါတွေက ဘုရားတွေနဲ့ ဝေးတယ်။ ၀က်ကြီးအင်းက နှစ်လုံး၊ သုံးလုံးကတော့ ဘုရားနဲ့ကပ်နေတာပေါ့။ အဲဒါတွေကျတော့ လူကြီးတွေ ဆုံးဖြတ်မှပဲရမယ်''ဟု ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးအောင်ကြိုင်က ပြောသည်။
ယခင်အစိုးရလက်ထက်တွင် ဟိုတယ်ဆောက်လုပ်ရန် မြေနေရာများကို ဇုန် ၄ ခု သတ်မှတ်ချထားပေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိဘဲ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
''ဟိုတယ်ဇုန် ၄ ဇုန် သတ်မှတ်ထားရဲ့သားနဲ့ ဟိုတယ်ဇုန်မှာ မဆောက်ကြဘူး။ မြို့ထဲမှာပဲ ကပ်ပြီးဆောက် နေကြတော့ အခုလို တားမြစ်ခံရတာပေါ့''ဟု ဦးအောင်ကြိုင်က ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်ဇုန် ၁ ကို မင်္ဂလာစေတီအနောက်ဘက်၊ ဟိုတယ်ဇုန် (၂)ကို ပုဂံမြို့သစ်တောင်ဘက် သာယာဝတေးဘုရားတောင်ဘက်၊ ဟိုတယ်ဇုန် (၃)ကို ညောင်ဦးမြို့အရှေ့ဘက်နှင့် ဇုန်(၄)ကို လုမ္ဗနီဘုရားအနီးတွင် သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဖွဲ့စည်းပေး ခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးမှ ဒုတိယ၀န်ကြီးများ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတို့ ပါဝင်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ ပုထိုး၊ အုတ်ကျောင်း၊ ဥမင်၊ သိမ်၊ ရှေးဟောင်းအဆောက်အအုံ ပေါင်း ၃၂၃၁ ခုရှိပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် UNESCO စာရင်းတင်သွင်းရန် ရက်သတ်မှတ်ခြင်းကို လာမည့် ဇူလိုင်လတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဇုန်တွင် လိုင်စင်ရ ဟိုတယ်အလုံးရေ ၁၁၄ လုံးနှင့် အခန်း ၃၅၀၉ ခန်း ရှိပြီး ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တလုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ် ၁၀ လုံး၊ ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ် ခုနစ်လုံးနှင့် ကြယ်တပွင့်အဆင့်ရှိ ဟိုတယ်လေးလုံးရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ မေလကုန်အထိ နိုင်ငံခြားသားဧည့်သည် ၁၂၇,၆၄၃ ဦးဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် တသောင်းနီးပါး မြင့်တက်လာခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြ ထားသည်။
အောင်နိုင်ဦး
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 1, 2016
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သည့် ဟိုတယ်(၄၂)လုံးကို ရပ်ဆိုင်းထားရန်နှင့် ရွှေ့ပြောင်းရန်ညွှန်ကြားထား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment