Tuesday, July 5, 2016

မြို့နယ်လေးခုရှိ ဒုစရိုက်မှုဖြင့် ထင်ရှားသူများကို ခြေချုပ်ခံဝန်ချထား


Tuesday, July 5, 2016

ရန်ကုန်တိုင်းအတွင်း မှု ခင်းကျဆင်းရေးအတွက် လေးမြို့ နယ် ရှေ့ပြေး စီမံချက်ဖြင့် ဆောင် ရွက်နေသည့် မြို့နယ်အတွင်း လူ ဆိုးလူမိုက်၊ ဒုစရိုက်ကျူးလွန်တတ်သူ ၃၆ ဦးကို ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရှေ့ပြေးစီမံချက် ဆောင် ရွက်နေသည့် ကမာရွတ်၊ ဒဂုံတောင်၊ သန်လျင်နှင့် လှိုင်သာယာမြို့နယ်တို့တွင် လူဆိုးလူမိုက်၊ ဒုစရိုက်ကျူးလွန်တတ်သူများကို အရေးယူထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီလိုလူတွေကို မြို့နယ်အ လိုက် ခံဝန်ခြေချုပ်တွေ လုပ်ထား ပါတယ်။ အခုစီမံချက်လေးမြို့ နယ်အတွင်းမှာ အရင်ထက်မှုခင်း ဖြစ်ပွားမှုတွေ မရှိတော့ပါဘူး။ ခုလေးမြို့နယ်ပြီးရင် နောက်ထပ်မှု ခင်းဖြစ်ပွားမှုများတဲ့ မြို့နယ်တွေ ဆက်လုပ်မှာပါ။ ဒါက အမြဲတမ်းလုပ်သွားမယ့် အလုပ်ဖြစ်ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်က ပြောသည်။

မြို့နယ်အလိုက် မှုခင်းကျ ဆင်းရေးအတွက် လုပ်ကိုင် ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပြီး မြို့နယ်အလိုက်လို အပ်ချက်များကိုလည်း တိုင်းဒေသ ကြီးအစိုးရထံ တင်ပြတောင်းဆို ထားကြောင်း အဆိုပါရဲအရာရှိက ပြောကြားသည်။

‘‘အခု မှုခင်းအဖြစ်များတဲ့မြို့ နယ်လေးမြို့နယ် အရင်စလုပ် တယ်။ နောက်တစ်လပြည့်ရင် နောက်ထပ်လေးမြို့နယ် ပုံစံမျိုးသွားမယ်။ နောက်ပိုင်းမှာ ပစ္စည်းအင်အား၊ လူအင်အားပြည့်စုံရင်တော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးအနေအထားနဲ့ လုံခြုံရေးလုပ်ဆောင်သွားမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် မှု ခင်းအဖြစ်များရခြင်းမှာ မြို့နယ် အတွင်း ရောင်းချသည့် လိုင်စင်မဲ့ အရက်ဆိုင်များကြောင့် ဖြစ်သည် ဟု အဆိုပါမြို့နယ်နေသူတစ်ဦးကပြောသည်။

‘‘လိုင်စင်မဲ့ အရက်ဆိုင်တွေများတော့ သောက်တဲ့သူကများတယ်။ သောက်ပြီး တော့ ဒီအတိုင်း မနေဘူး။ ဒုစရိုက်မှုတွေလုပ်တယ်။ အချင်းချင်းစကားများရန် ဖြစ်ရင် လူသတ်မှုကျူးလွန်တယ်။ လူသတ်မှုတွေ ကြည့်မယ်ဆိုရင် အရက် ကြောင့် အဖြစ်များတာ တွေ့ရမှာပါ’’ဟု အဆိုပါအမျိုး သားကပြောသည်။

လူဆိုးလူမိုက်၊ ဒုစရိုက်မှု ကျူးလွန်တတ်သူများသည် လှိုင်သာယာမြို့နယ်တွင် ၁၅ ဦး၊ သန်လျင်မြို့နယ်တွင် ၁၁ ဦး၊ တောင်ဒဂုံမြို့နယ်တွင် ကိုးဦးနှင့် ကမာရွတ်မြို့နယ်တွင် တစ်ဦးရှိပြီး အများစုကို ခြေချုပ်နှင့် ခံဝန်ဥပဒေအရအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘မှုခင်းကတော့ မဖြစ်ဘူးဆို တာမရှိပါဘူး။ အတတ်နိုင်ဆုံး လျော့ကျသွား အောင်လုပ်ဆောင် ရမှာပါ။ လင်မယားနှစ်ယောက် အိမ်မှာရန်ဖြစ်တာမျိုး ၀င်ရှင်းပေး လို့မရပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ မှုခင်းမဖြစ် အောင် ကြိုကာကွယ်လို့ ရပါ တယ်။ အခုလည်း စီမံချက်ရှိတဲ့နေရာမှာ လူဆိုးသူခိုးမလာဘူး။ စီမံချက်မရှိတဲ့ မြို့နယ်မှာ မှုခင်းဖြစ်တွေဖြစ်တယ်။ ဒါကိုပပျောက်အောင်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြပြီး လိုအပ်တာတွေဖြည့်ပြီး မှုခင်းလျော့ကျအောင် လုပ်မှာပါ’’ ဟု ရဲမှူးချုပ် ၀င်းနိုင်ကပြောသည်။

မှုခင်းဖြစ်ပွားမှု လျော့နည်း စေရန် မြို့နယ်အတွင်းရှိ လမ်းတိုင်းတွင် ရဲကင်းများ တည် ဆောက်ခြင်း၊ အထူးရဲများ ခန့်အပ် ဆောင်ရွက်ခြင်းနှင့် ရပ်ကွက်အ တွင်းရှိ ပြည်သူလူထုက ပူးပေါင်း ဆောင်ရွက်ခြင်းများရှိမှသာ လုံခြုံမှုရှိနိုင်ကြောင်း ကမာရွတ်မြို့နယ်နေ ဦးကိုကိုကြီးကပြောသည်။

‘‘ကမာရွတ်မြို့နယ်က စီမံ ချက်မြို့နယ်တွေထဲမှာ ပါတယ်ဆို တော့ အံ့သြမိပါတယ်။ မေးကြည့် တဲ့အခါ ခိုးမှုတွေများတယ်လို့ သိရတယ်။ အရင်အိမ်တစ်လုံးနေ ရာမှာ အထပ်မြင့်တိုက်တွေပေါ် လာတယ်။ မိသားစုတွေများလာ တော့ အရင်လိုလမ်းထဲဝင်လာရင် တောင် ဘယ်ကမှန်းမသိဘူး။ ဒီ လိုလူတွေကို စစ်မေးဖို့အတွက်ရွေးကောက်ပွဲတုန်း ကလို အထူးရဲတွေ လမ်းတိုင်းမှာ ထားနိုင်ရင်ကောင်းမယ်လို့ထင်တယ်’’ဟု ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်တွင် လူဦး ရေရှစ်သောင်းကျော်ကို ရဲဝန်ထမ်း ၈၈ ဦး၊ ဒဂုံတောင်မြို့နယ်တွင် လူဦးရေ သုံးသိန်းခုနစ်သောင်းကျော်ကို ရဲဝန်ထမ်း ၁၃၀၊ သန်လျင်မြို့နယ်တွင် လူဦးရေနှစ်သိန်းခုနစ်သောင်းကျော်ကို ရဲဝန်ထမ်း ၁၁၈ ဦး၊ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ခုနစ်သိန်းကျော်ကို ရဲဝန်ထမ်း ၁၉၂ ဦးဖြင့် ထိန်းသိမ်းစောင့်ရှောက်နေရသည်။

‘‘ဒီလေးမြို့နယ်အတွင်းမှာ မြို့နယ်အလိုက် လိုအပ်ချက်တွေ ရှိပါတယ်။ လမ်းမကောင်းတာ၊ ၂၇ လမ်း မီးတိုင်ရှိပြီး မီးမလာ တာ ၂၃ တိုင်ရှိတယ်။ မီးတိုင်မရှိ တဲ့နေရာတွေ၊ အမှိုက်ပုံတွေနဲ့ ရေမြောင်းတွေပိတ်လို့ သွားရမလွယ်တဲ့နေရာတွေလည်း တိုင်းဒေသကြီးအစိုးရကို တင်ပြထား ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

7Day News Journal


No comments: