Wednesday, July 27, 2016

ဖယ်ဒရယ် ဖွဲ့စည်းပုံအရေး မိုင်ဂျာယန်မှာ ဆွေးနွေး

မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းအဝေးကို ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ပူးပေါင်းပီး ကျင်းပတဲ့ ဒီအစည်းအဝေးဟာ ၂၁ ရာစု ပင်လုံ ညီလာခံအတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲလည်း ဖြစ်တယ်လို့ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ကေအင်န်ယူ ဒုတိယဥက္က နော်စီဖိုးရာစိန်က ပြောပါတယ်။
ဒီနေ့ အစည်းအဝေးမှာ အဓိကအားဖြင့် ဖယ်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အခြေခံမူများ နဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်လို့ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒိုနော်စီ ဖိုးရာစိန် ကပြောပါတယ်။
"အစိုးရဘက်က ဘယ်လိုဖက်ဒရယ် ပြည်ထောင်စုပုံစံကို ရည်ညွန်းသည်ဖြစ်စေ ကျမတို့ဘက်က ဘယ်လိုဖယ်ဒရယ် တည်ဆောက်မယ်ဆိုတာ စဉ်းစားလေ့လာပီး ပြင်ဆင်ထားပီးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အစကနေ ပြန်စဖို့ မလိုတော့ပဲ ၂၀၀၈ ခုနှစ်က ဖယ်ဒရယ်ပြည်ဆောင်စု ဥပဒေကြမ်း ရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မီတီ FCDCC မှ မူကြမ်းအဖြစ် သဘောတူထားပြီးသော ဖယ်ဒရယ် အခြေခံမူများ အပြင် ၂၀၁၅ ခုနှစ် UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင်မှုလုပ်ပီး ဒီအစည်းအဝေးက နေ ဖြည့်စွက် အတည်ပြုနိုင်ပါတယ်"
ဒီအစည်းအဝေးကနေ ဘုံသဘောတူညီချက်တခုရဖို့ မျှော်လင့်တယ်လို့ အစည်းအဝေးကျင်းပရေး ကော်မီတီ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
"နိုင်ငံရေးကဏ္ဍ နဲ့လုံခြုံရေး ကာကွယ်ရေး ကဏ္ဍ ၂ခုလုံးဆွေးနွေးမှာဖြစ်ပါတယ်။
ဒီခေါင်းစဉ်တွေ အားလုံးကိုလဲ ကျနော်တို့က ဘုံသဘောတူညီချက် ရနိုင်တဲ့ အဓိက မူဝါဒ ပိုင်းဆိုင်ရာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အသေးစိတ်များကိုတော့ မဆွေးနွေးပါဘူး။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးမှာ ကာကွယ်ရေး လုံခြုံရေး ပီးရင် နိုင်ငံတော် တည်ဆောက်ရေးတွေမှာ အားလုံး လက်ခံနိုင်မဲ့ ဘုံသဘောတူညီချက် ရရှိနိုင်ဖို့ မျှော်လင့်တာပါ"
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
Photo: Ye Htet ( တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က မိုင်ဂျာာယန်မှာ ကျင်းပနေစဉ် )

No comments: