Wednesday, July 27, 2016

ခရီးသွားလုပ်ငန်းလောကထဲက ငါးခုံးမတစ်ကောင်

Tourbox ၏ ကြော်ငြာတစ်ခုနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းက Tourbox နှင့်ပတ်သက်၍ ကြေညာချက်နှစ်စောင်
မြန်မာ့ ခရီးသွားလုပ်ငန်း လောကတွင် မကြာသေးမီ ရက်ပိုင်းအတွင်း ပြည်တွင်းခရီးသွား ကုမ္ပဏီတစ်ခုက လူပေါင်း ၆၀ ခန့်ကို ပြည်ပတိုင်းပြည်များသို့ အလည်အပတ် ပို့ဆောင်ပေးမည် ဆိုကာ ငွေကြေးကျပ်သိန်းရာချီ လိမ်လည်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ထိုသို့ လိမ်လည်မှုကြောင့် ခရီးသွားကုမ္ပဏီများ အပေါ် လူထု၏ ယုံကြည်မှု ယုတ်လျော့စေပြီး အရှိန်ယူ အားကောင်းလာသည့် မြန်မာ့ခရီးသွား လုပ်ငန်းကို အမည်းစက် ဖြစ်ပေါ်စေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
Tourbox Travel အမည်ဖြင့် ကုမ္ပဏီက ပြည်ပနိုင်ငံများသို့ ခရီးသည် ပို့ဆောင်ပေးနေသည် ဆိုကာ လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာပြီး ဇူလိုင် ပထမပတ်၌ ခရီးသည်များထံမှ ၀န်ဆောင်ခ ငွေကြေးများ ကြိုတင်ကောက်ခံ ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကုမ္ပဏီက လိမ်လည် တိမ်းရှောင်သွားသဖြင့် လိမ်လည်ခံရသည့် ခရီးသည်အချို့က ဇူလိုင် ၁၇ ရက်မှစ၍ စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခြင်း ဖြစ်သည်။
‘‘ငွေပြန်ရမလားလို့ တိုင်ဆိုလည်း တိုင်ကြတာပါ။ ပြန်ရမယ်လို့လည်း မထင်ပါဘူး။ တချို့သူတွေက ပတ်စ်ပို့တွေ ပါသွားတာလည်း ရှိတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က လိမ်တယ်ဆိုတော့ ပတ်စ်ပို့တွေကို ကောင်မလေး တစ်ယောက် ဆီကို ပေးသွားတယ်’’ ဟု ဘန်ကောက်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်လည်ပတ်ရန် အမေရိကန်ဒေါ်လာ ၅၀၀ ကျော် ပေးခဲ့ရသည့် ကိုကျော်မင်းလှိုင်က ပြောသည်။
ထိုသို့ အလိမ်ခံလိုက်ရသဖြင့် ယခုထပ်မံ သွားရောက်မည့် ခရီးစဉ်တွင် ငွေကြေးပေးချေမှု အတွက် မယုံကြည်၍ ငွေအပြည့်အ၀ မချေတော့ဘဲ စရန်သဘောအဖြစ် အနည်းငယ်သာ ငွေပေးခဲ့ပြီး လေဆိပ်ရောက်မှ ပေးချေမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုလိမ်လည်မှု ကျူးလွန်ခဲ့သည့် ကုမ္ပဏီသည် ခရီးသွားလုပ်ငန်းတွင် အတော်အတန် အောင်မြင်မှု ရရှိထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ သို့သော် အဆိုပါကုမ္ပဏီသည် ပြည်တွင်း ခရီးသွားလုပ်ငန်း (Inbound) ကိုသာ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်ပြီး ပြည်ပခရီးသွားလုပ်ငန်း (Outbound) အတွက် လုပ်ကိုင်ခွင့်လိုင်စင် ရထားသည့် ကုမ္ပဏီ မဟုတ်ပေ။
‘‘အခုလို ကိစ္စဖြစ်ခြင်းမျိုးက လက်ရှိလုပ်နေတဲ့ ခရီးသွားကုမ္ပဏီ တွေအပေါ်ကို ခရီးသွားဧည့်သည်တွေရဲ့ ယုံကြည်မှုက နည်းသွားစေတယ်။ သူတို့အနေနဲ့ အရင်က ဒီလိုကိစ္စမျိုး တွေးချင်မှ တွေးမယ်။ အခုတော့ ခရီးတစ်ခု
သွားတော့မယ် ဆိုရင် သူတို့အရင် စဉ်းစားသွားပြီ’’ဟု Possible Travel & Tour မှ အထွေထွေမန်နေဂျာ ကိုမင်းခန့်က ပြောသည်။
အဆိုပါ ကုမ္ပဏီသည် စုစုပေါင်း ခရီးသည် ၆၀ ဦးခန့်ထံမှ တစ်ဦးလျှင် အနည်းဆုံး ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂,၀၀၀ အထိ ခရီးစဉ်အတွက် ကောက်ခံခဲ့ပြီး ဇူလိုင် တတိယပတ်မှစ၍ အဆက်အသွယ် မရသဖြင့် လိမ်လည် သည်ဟု ယူဆကာ ရဲစခန်းတွင် လာရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းက ဆိုသည်။
‘‘အခုလို ဖြစ်စဉ်မျိုးဖြစ်တော့ Outbund သမားတွေအတွက် ခက်သွားမယ်။ ဧည့်သည်ဘက်ကနေ ပြောစရာဖြစ်လာမယ်။ Inbound တွေအတွက် သိပ်ပြီးတော့ သက်ရောက်မှု မရှိပေမယ့် Outbound လုပ်တဲ့သူတွေ အတွက် ဧည့်သည်ရဲ့ ယုံကြည်မှု ခက်သွားနိုင်တယ်’’ဟု ဧည့်လမ်းညွှန် မကေသီခိုင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ အရေးယူကိုင်တွယ်မှု အဖြစ် လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းကြောင့် တရားစွဲဆိုမည် ဖြစ်ကြောင်းနှင့် ထိုကုမ္ပဏီ၏ လုပ်ကိုင်ခွင့် ပေးထားသည့်
လိုင်စင်ကိုလည်း ပြန်လည် ရုပ်သိမ်းမည်ဟု အဆိုပါဝန်ကြီးဌာန ပြန်ကြားရေး တာဝန်ခံ ညွှန်ကြားရေးမှူးက ပြောသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းရှင်များ အသင်းကလည်း ၎င်းကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းပြီး ထိုကုမ္ပဏီ ဒါရိုက်တာကို ဇူလိုင် ၂၇ ရက် နောက်ဆုံးထား၍ လာရောက် ဖြေရှင်းရန် အကြောင်းကြားခဲ့သည်။
သို့သော် ယခုအချိန်ထိ ၀န်ကြီးဌာနအပါအ၀င် မည်သူမျှ ထိုဖြစ်စဉ်အပေါ် တာဝန်ယူမည်ဟု ပြောကြားလာခြင်း မရှိသေးကြောင်း ကိုကျော်မင်းလှိုင်က ပြောသည်။
‘‘Outbound Tour လုပ်နေတာဆိုရင် ပိုဆိုးတာပေါ့။ အခု Tourbox ဆိုရင်လည်း Online မှာ နာမည်ကြီးတာပဲ ကြားဖူးတယ်။ အခုလို လိမ်လည်မှုတွေ ရှိလာရင် ခရီးသွားတွေ ဘက်ကလည်း Agency ကို မယုံတော့ဘူး။ သွားမယ့်နေ့မှ  ငွေအကျေချေမယ် ဆိုတာမျိုး ဖြစ်လာမယ်။ Agency ဘက်ကလည်း Deposit မရတော့ Air ticket တွေ၊ ဟိုတယ်တွေ Booking မလုပ်ရဲတော့ အတော်လေး အကျပ်တွေ့လာနိုင်တယ်’’ ဟု ဧည့်လမ်းညွှန် ကိုရန်နိုင်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးဌာနမှ ခရီးသွားတစ်ဦးအား အကာအကွယ်ပေးရန် မည်သို့ အရေးယူရမည်ကို လက်ရှိဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက လက်ရှိဥပဒေနှင့် အရေးယူမည် ဆိုလျှင် ပြစ်ဒဏ်အဖြစ် ငွေဒဏ် ကျပ်၅၀,၀၀၀သာ ဒဏ်တပ်နိုင်သဖြင့် အချို့ကုမ္ပဏီများသည် လိုင်စင် မရှိသော်လည်း ဒဏ်ကြေးဆောင်၍ လုပ်ကိုင်နေသည်များ ရှိကြောင်း ဦးတင့်သွင်က ပြောသည်။
‘‘အခု ဥပဒေအသစ်မှာတော့ ပါအောင် ထည့်ထားပြီး ခရီးသည်ရဲ့ တာဝန်နဲ့ ရပိုင်ခွင့်တွေ၊ ကုမ္ပဏီဘက်က တာဝန်တွေ၊ အကာအကွယ်တွေပါ ထည့်ထားတယ်’’ဟု ဦးတင့်သွင်က ပြောသည်။
ယခုဖြစ်စဉ်တွင် ကုမ္ပဏီကို လိမ်လည်မှု အဖြစ် တရားစွဲဆိုနိုင်ကြောင်းနှင့် ၀န်ကြီးဌာနက နောက်ထပ် မဖြစ်ရန် စီမံခန့်ခွဲမှု လုပ်ဆောင်မည်ဟု ဆိုသည်။
ယခု လိမ်လည်မှုကြောင့် ကုမ္ပဏီသည် ငွေကြေး မလျော်နိုင်၍ တရားဥပဒေအရ ပြစ်ဒဏ်ကျခံရမည် ဆိုသော်လည်း ခရီးသွားများအတွက် ငွေကြေး ဆုံးရှုံးမည့်အပြင် တရားရုံးကိစ္စများပါ ပိုမို အလုပ်ရှုပ်မည် ဖြစ်သည်။ ထို့ကြောင့်
ထိုကဲ့သို့ ဖြစ်စဉ်များ အတွက် ကာကွယ်ပေးနိုင်မည့် အာမခံချက် လိုအပ်လာပြီ ဖြစ်ကြောင်း ဦးတင့်သွင်က ပြောသည်။
‘‘ကျွန်တော်တို့ အနေနဲ့ကတော့ နောက်ဆို ခရီးသွားမယ် ဆိုရင် အွန်လိုင်းကနေ တွေ့တာမျိုးမှာ မလုပ်ရဲတော့ဘူး။ ၀န်ကြီးဌာနကို သေချာမေးပြီးမှ စုံစမ်းလုပ်မယ်။ အွန်လိုင်းက ဆိုတာမျိုးက စိတ်မချရမှန်း သိသွားပြီ။ သတင်းစာထဲ သေချာထည့် ၊ကြော်ငြာထားတဲ့ အခြေခိုင်မာတဲ့ ကုမ္ပဏီကြီးမျိုးက ပိုယုံကြည်ရနိုင်မှာပါ။ ကုမ္ပဏီကြီးဖြစ်လို့ ဈေးပိုပေးရပေမယ့်လည်း စိတ်ချရတယ်။ ဈေးသက်သာလို့ လူမသိတဲ့ကုမ္ပဏီ အသေးမျိုးနဲ့တော့ ခရီးသွားဖို့ မစဉ်းစားတော့ဘူး’’ ဟု Tourbox ကုမ္ပဏီတွင် ခရီးသွားရန် ငွေသွင်းခဲ့သူ ဦးတင်မောင်ဝင်းက ပြောသည်။
ပြည်ပ ခရီးသွားလိုသူများသည် ခရီးစဉ်ကို ကုမ္ပဏီများသို့ အပ်မည်ဆိုပါက တရားဝင်လုပ်ငန်း ဟုတ်၊ မဟုတ် စစ်ဆေးပြီး အပ်သင့်သည်။ သံသယရှိပါက ၀န်ကြီးဌာနသို့ မေးမြန်းသင့်ကြောင်း ၀န်ကြီးဌာန၏ ပြန်ကြားရေး
တာဝန်ခံ ညွှန်ကြားရေးမှူးက အကြံပြုသည်။
ယခင်က ပြည်ပခရီးစဉ်များကို ပို့ဆောင်သည့် ကုမ္ပဏီများသည် ၀န်ကြီးဌာနသို့ အာမခံကြေး ကျပ်သိန်း ၅၀၀ ပေးထားရပြီး နောက်ပိုင်းတွင် ကျပ်သိန်း ၁၀၀မှ ၅၀ အထိ လျှော့ပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် အစည်းအဝေး ကာလအတွင်း ခရီးသွားကုမ္ပဏီ ၁၆ ခုက လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တိုင်စာ ပို့ခဲ့သဖြင့် ၀န်ကြီးဌာနက အလျှော့ပေးပြီး ၀န်ခံကတိ စာရွက်ဖြင့်သာ လုပ်ကိုင်ခွင့်ပြု ခဲ့ရကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာနမှ သိရသည်။
‘‘ဒီဝန်ခံကတိ စာရွက်က အခုလိုဖြစ်လာရင် ဘာမှ အာမခံချက် မပေးနိုင်ဘူး။ ဒါကို အကာအကွယ်ပေးဖို့ အာမခံတစ်ခု လိုလာပြီ’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။
ဝန်ကြီးဌာနက ယခုကဲ့သို့ ပြဿနာမျိုး ကာကွယ်ရန်၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ အာမခံထား ရန်နှင့် ပြည်ပခရီးသွား လုပ်ငန်းများအတွက် အာမခံစပေါ်ငွေ ပြန်လည်ထားရန်ဟူသော အချက်နှစ်ခုကို စီးပွားရေး လုပ်ငန်းရှင်များနှင့်
တိုင်ပင်၍ စီစဉ်မည်ဟု ဆိုသည်။
‘‘အခုလို နာမည်ရ ကုမ္ပဏီ တစ်ခုက လိမ်သွားတာ မျိုးကျတော့ နောက်ပိုင်းမှာ အကြီးတွေ အပြင် ကုမ္ပဏီသေးတွေအတွက် ဆိုရင် ယုံကြည်မှုက အားနည်းသွားနိုင်ပြီ။ ဒါကြောင့် ခရီးသွားတွေ အနေနဲ့ကတော့ ခရီးစဉ်တစ်ခုမှာ
ဈေးနှုန်းချိုသာတာကို မကြည့်ဘဲ သေချာတိကျတဲ့ ကုမ္ပဏီမျိုးနဲ့ပဲ သွားစေချင်တယ်’’ဟု ကိုမင်းခန့် က ပြောသည်။
ယခု လိမ်လည်မှုသည် လူပေါင်းများစွာ ထံမှ လိမ်လည်မှုကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် နာမည်ကြီး လာခြင်းဖြစ်ပြီး ထိုကဲ့သို့ လိမ်လည်မှုများလည်း ရှိခဲ့သည်ဟု ၀န်ကြီးဌာနနှင့် ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့ ဖြစ်စဉ်များ အတွက် ၀န်ကြီးဌာန အနေဖြင့် ဥပဒေများနှင့် တိတိကျကျ ထိန်းချုပ်ရန် လိုသကဲ့သို့ ခရီးသွားများ အနေဖြင့်လည်း ကုမ္ပဏီအပေါ် သေချာစိစစ်သင့်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက အကြံပြုသည်။

No comments: