Tuesday, April 19, 2016

" နိုင်ငံအနှံ့ တွင် အပူချိန်ဆက်လက်မြင့်နေဦးမည် "

" နိုင်ငံအနှံ့ တွင် အပူချိန်ဆက်လက်မြင့်နေဦးမည် " မြန်မာနိုင်ငံဒေသအနှံ့တွင် နေ့အပူချိန်များ မြင့်နေပြီး မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဧပြီလကုန်ခန့်အထိ အပူချိန် ဆက်လက်မြင့်တက်နိင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ မကွေးတိုင်းဒေသကြီး ချောက်၊ မင်းဘူး၊ မကွေးနှင့် အောင်လံမြို့တို့တွင် ဧပြီ ၁၉ရက်၌ နေ့အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး အပူဒဏ်ကို ဧပြီလကုန်ခန့်ထိ သတိပြုနေထိုင်ရန် ဒေါက်တာထွန်းလွင်က တိုက်တွန်းသည်။ " ဒေသတွင်း အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာလည်း မိုးခေါင်တဲ့အထိ ဖြစ်နေတယ်။ ဒီမှာလည်း အပူချိန်က ဆက်မြင့်နေနိုင်တယ်။ အထူးသဖြင့် မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပိုပူနိုင်တယ်"ဟု ဦးထွန်းလွင်က ပြောကြားသည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ဧပြီ၁၉ရက်သတင်းထုတ်ပြန်မှုတွင် နေပြည်တော်နှင့် ရန်ကုန်မြို့၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း နေရာကွက် မိုးရွာသွန်းမှုကြောင့် နေ့အပူချိန်အနည်းငယ် လျော့ကျနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းရရှိသည်။ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

No comments: