Tuesday, April 19, 2016

မြန်မာ့တောတောင်တွေရောက် နိုင်ငံခြားသားများ”

“မြန်မာ့တောတောင်တွေရောက် နိုင်ငံခြားသားများ”

မြန်မာပညာရှင်များကိုလည်း အလေးမထား၊ မြန်မာနိုင်ငံသားပိုင်ကုမ္ဗဏီများကိုတဆင့်ခံ၍ နိုင်ငံခြားသားများ မြန်မာ့သတ္တုတူးဖော်ရေးလုပ်ငန်း၌ ၀င်ရောက်လုပ်ကိုင်ခဲ့ကြပုံ ကိုယ်တွေ့ဖြစ်ရပ်
------ ------ ------ ------ ------

မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ဘုရားပုထိုးတွေမှာ၊ ရှေးဟောင်းယဉ် ကျေးမှုနယ်မြေတွေမှာ နိုင်ငံခြားသားတွေကို လူအများတွေ့ဖူးမြင်ဖူးနေကျ။ ဘာမှထူးဆန်းလှတာ မဟုတ်။ သို့ရာတွင် . . . ။ မြန်မာနိုင်ငံရဲ့တောတောင်တွေ ထဲမှာ နိုင်ငံခြားသားအချို့ စခန်းချနေထိုင်သည်ကို တွေ့မြင်ရမည်ဆိုလျှင်တော့ ထူးခြားလှသည်ဟု ဆိုရမည်။ စိတ်ဝင်စားဖို့လို့လည်းကောင်းနေမည်။
ထိုသို့သော နိုင်ငံခြားသားအချို့ အမှန်တကယ်ရှိခဲ့ကြပါသည်ဟု ကျွန်တော် အခိုင်အမာပြောလိုပါသည်။ ကျွန်တော့်ကိုယ်တွေ့ဖြစ်နေလို့ပါပဲ။

x x x

ရှမ်းကုန်းပြင်မြင့် အနောက်စွန်း ရှမ်းမြေလတ်ဒေသ၏ တောတောင် ထူထပ်ရာနေရာတခုမှာ ဖြစ်သည်။
တောင်စောင်းရှိ တဲငယ်လေးတခုအတွင်းမှာ ၀ါးခြမ်းခင်းစားပွဲရှည်တခုရှိသည်။ ထိုစားပွဲ၏ အနောက်ဘက်ခြမ်း မှာ လူငါးယောက်၊ အရှေ့ဘက်ခြမ်းမှာ လူငါးယောက် ညစာစား၍ ထိုင်နေကြသည်။ အနောက်ဘက်ခြမ်း ထိပ်ဆုံးမှာ ထိုင်နေသူက ထိုင်းလူမျိုး၊ သူ့ဘေးကပ်လျက်က တရုတ်လူမျိုး၊ နောက် ထိုင်းစကားပြန်တဦးနှင့် တရုတ်စကားပြန်တဦး။ ကျန်ပုဂ္ဂိုလ်တွေကတော့ ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံသားတွေ။ ကျွန်တော်က အရှေ့ဘက်ခြမ်းထိပ်ဆုံးက ထိုင်နေတာဖြစ်လို့ ထိုင်းလူမျိုးနှင့် မျက်နှာချင်းဆိုင်ရှေ့တည့်တည့်မှာဖြစ်သည့် ကျွန်တော်နှင့် ကျွန်တော့်နံဘေးမှာထိုင်သူ ကိုဆန်းကြည်တို့က ဘူမိဗေဒသမားတွေ။ ခဲသတ္တုဖြစ်ထွန်းမှုကို လေ့လာပြီး သူတို့ကုမ္ပဏီအတွက် ပညာရပ်ဆိုင်ရာ အစီရင်ခံစာ (Technical Report) ရေးပေးရန် ရောက် လာကြခြင်းပင်။

ကျွန်တော်တို့ တောထဲမ၀င်မီ ရန်ကုန်မှာ ဆက်သွယ်ခဲ့ရသူက ဦးချိန်မော်။ သူက (ရတနာနိုင်ငံတော် သတ္တု ကုမ္ပဏီ)၏ မန်နေဂျင်းဒါရိုက်တာဖြစ်သည်။ ဦးချိန်မော်သည် တရုတ်ကပြား မြန်မာနိုင်ငံသား။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူဖြစ်သည်။ သို့ဖြစ်၍ သူ၏ကုမ္ပဏီသည် နိုင်ငံသားပိုင်ကုမ္ပဏီစစ်စစ်ဖြစ် ပေတော့သည်။

ဦးချိန်မော်က ကျွန်တော်တို့ကို အလုပ်တခုအပ်ရန် ကမ်းလှမ်းခဲ့သည်။ သူ့ကုမ္ပဏီအမည်ဖြင့် ခဲသတ္တုစမ်းသပ် တိုင်းတာရန် ခွင့်ပြုမိန့်ရရှိထားသော ဧက ၅၀ ကျယ်သည့် ဧရိယာမှာ အဆင့်တက်ပြီး သတ္တုတူးဖော်ခွင့်ရရှိ လိုသည်။ တူးဖော်ခွင့်ရရှိထားမှသာ သတ္တုတူးဖော်ခွင့်ရှိရုံမက သတ္တုသယ်ယူခွင့်၊ ပြည်တွင်းပြည်ပသို့ သတ္တု တင်ပို့ရောင်းချခွင့်များကိုပါ ရရှိနိုင်မှာဖြစ်သည်။ ထိုအခြေအနေရောက်မှသာ သတ္တုလုပ်ငန်းမှ ငွေပြန်ပေါ်လာမှာ ဖြစ်သည်။

ထိုသတ္တုတူးဖော်ခွင့်ပါမစ်ရဖို့ ပညာရပ်ဆိုင်ရာ အစီရင်ခံစာလိုအပ်နေသဖြင့် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ခြင်းပင်။ သူနှင့်ပြောဆိုညှိနှိုင်းပြီး သဘောတူညီမှုရသဖြင့် ထိုအစီရင်ခံစာပြုစုရန်အတွက် ကျွန်တော်နှင့် ကိုဆန်းကြည်တို့ သူတို့၏ တောတွင်းစခန်းသို့ ရောက်ရှိ လာခဲ့ကြခြင်းဖြစ်သည်။ သို့ဖြင့် ထိုစခန်းမှာ မမျှော်လင့်ဘဲ နိုင်ငံခြားသားနှစ်ဦးနှင့် တွေ့ဆုံလိုက်ရခြင်းပင်။
ရန်ကုန်မှာတွေ့ခဲ့စဉ်က ဦးချိန်မော်ကလည်း နိုင်ငံသားခြားများနှင့်ပတ်သက်၍ ဘာမှပြောဆိုခြင်းမပြုခဲ့။ ယခုတောထဲရောက်မှသာ နိုင်ငံခြားသားနှစ်ဦးကို တွေ့လိုက်ရခြင်းဖြစ်သည်။
ထိုင်းလူမျိုးက ထိုင်းသူဌေး၏ကိုယ်စားလှယ်ဖြစ်သည်။ သူက သတ္တုပညာရှင်ဆိုသော တရုတ်လူမျိုးကိုပါ ခေါ်လာခဲ့တာဖြစ်သည်ဟု ဆိုပါသည်။

ဦးချိန်မော်နှင့် တွေ့စဉ်တုန်းကတော့ သတ္တုလုပ်ငန်းကို သူတို့ကုမ္ပဏီကပဲ အစအဆုံး၊ အပြည့်အ၀ တာဝန်ယူပြီး ဆောင်ရွက်နေသည်ဟု နားလည်ခဲ့မိသည်။ တကယ်တော့ ထိုသို့မဟုတ်။ ကုမ္ပဏီသည် ထိုင်းသူဌေး၏ လက်ဝေ ခံကုမ္ပဏီတခုမျှသာ ဖြစ်သည်။ ကုမ္ပဏီကို ထိုင်းသူဌေးက အဝေးမှ ကြိုးကိုင်ထားတာ ဖြစ်သည်။ ဦးချိန်မော်က နိုင်ငံသားပိုင် ကုမ္ပဏီမှတ်ပုံတင်ကျဖို့နှင့် ထောက်ခံစာအမျိုးမျိုးရယူပြီး သတ္တုတွင်းဝန်ကြီးဌာန၏ သတ္တုစမ်းသပ် တိုင်းတာခွင့်ရဖို့တွေ ဆောင်ရွက်ပေးခဲ့ရတာဖြစ်သည်။ တနည်းအားဖြင့်တော့ သူက ရုံးလုပ်ငန်းဆိုင်ရာများကို ဆက်သွယ်ဆောင်ရွက်ပေးရသော ၀န်ဆောင်မှု (Servicing) လုပ်ငန်းကို တာဝန်ယူပေးခဲ့ရတာ ဖြစ်သည်။
ရုံးကိစ္စတွေအတွက် ဦးချိန်မော်ကို တာဝန်ပေးထားသလို တောထဲမှာ သတ္တုလုပ်ငန်းတွေဆောင်ရွက်ဖို့ ထိုင်းသူဌေးက သူ့ကိုယ်စားလှယ် ထိုင်းလူမျိုးတဦးကို တာဝန်ပေးထားခြင်း ဖြစ်သည်။

တောထဲရောက်ရောက်ချင်း နိုင်ငံခြားသားနှစ်ဦးကို ဗြုန်းခနဲတွေ့လိုက်ရတော့ ကျွန်တော်အံ့သြသွားမိသည်။ ထူးဆန်းသလိုလည်း ဖြစ်နေမိသည်။ ဘယ်လိုဖြစ်တာလဲ။ သူတို့ဘယ်လိုနည်းနဲ့ ဒီနေရာကို ရောက်နေကြတာ လဲ။ ကျွန်တော် သိထားသလောက်က နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းမှာ သူတို့ သွားချင်တိုင်းသွား လို့မရ။ ကန့်သတ်ချက်တွေရှိနေသည်ဆိုသော အချက်ဖြစ်သည်။ ယခု ကျွန်တော့်ရှေ့တည့်တည့်မှာ ထိုင်နေကြ သော နိုင်ငံခြားသားနှစ်ယောက်သည် တရားဝင်ရောက်ရှိနေကြတာလား။ တကယ်တော့ တရားဝင်ဟုတ်-မဟုတ်ဆိုသည်မှာ ကျွန်တော်နှင့်တော့ ဘာမှမဆိုင်ပါ။ ကုမ္ပဏီနှင့်သာ ဆိုင်ပါလိမ့်မည်။ ပြဿနာဖြစ်၍ ရှင်းစရာ ရှိလျှင်လည်း ကုမ္ပဏီကသာ ဖြေရှင်းရပေလိမ့်မည်။

ညစာစားရင်း ကျွန်တော်တို့နှင့် နိုင်ငံခြားသားများ မိတ်ဆက်ကြပါသည်။ ထိုညက ကျွန်တော် ဘ၀င်မကျဖြစ်ရ သည်မှာ ထိုထိုင်းသူဌေး၏ ကိုယ်စားလှယ်သည် ကျွန်တော်တို့ ဘူမိဗေဒသမားများကို လိုလားဟန် မပြခြင်းပင်။ ကျွန်တော်တို့က သူတို့ကုမ္ပဏီအတွက်အကျိုးရှိစေမည့်လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လာခဲ့ကြခြင်းဖြစ် သည်။ ၀မ်းသာလှိုက်လှဲမှုမရှိတောင်မှ အထိုက်အလျောက်တော့ အသိအမှတ်ပြု ကြိုဆိုသင့်သည်ဟု ကျွန်တော် တို့က ယူဆမိသည်။ သူကမူ အေးတိအေးစက်။ တကယ်ဆိုလျှင် ထိုညမှာ ခွင့်ပြုဧရိယာ၏ သတ္တုဖြစ်ထွန်းမှုနဲ့ ပတ်သက်လို့ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြ၊ တိုင်ပင်ကြဖို့ကောင်းသည်။ သို့ရာတွင် လက်တွေ့မှာ ထိုသို့ ဖြစ်မလာ။
ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကတော့ ဦးချိန်မော်နှင့်သဘောတူခဲ့သည့် အတိုင်းသာ မိမိတို့ဘက်မှ တာဝန် ကျေပွန်အောင် ဆောင်ရွက်ရပေတော့မည်။ သူဌေး၏ကိုယ်စားလှယ် ဘယ်လိုပဲဖြစ်နေနေပေါ့။

x x x

ဟော- ထပ်မံပြီး အံ့သြစရာ ကြုံရပြန်လေပြီ။
တောစခန်းရောက်ရှိပြီး နောက်တနေ့မှစ၍ ကျွန်တော်တို့က ဧရိယာတခုလုံးကို နှံ့နှံ့စပ်စပ်၊ ဖိဖိစီးစီးလေ့လာ စူးစမ်းလိုက်တော့၊ ထိုဧရိယာ၏ သတ္တုဖြစ်ထွန်းမှုကို အကြမ်းဖျဉ်းသုံးမျိုးခွဲခြား လိုက်နိုင်သည်။ သတ္တုလုံးဝမရှိ သော ဧရိယာ (အကျယ်ဝန်းဆုံး)၊ နောက်တမျိုးက မဆိုစလောက် (အစက်အပြောက်၊ အကွက်အပြောက် လိုက်သာ) သတ္တုဖြစ်ထွန်းမှုရှိသော ဧရိယာ(နေရာကျဉ်းကျဉ်း)နှင့် နောက်ဆုံးတမျိုးက သတ္တုအကြောသေး၊ အကြောမြွှာနှင့် သတ္တုကြောများဖြင့် ဖွဲ့စည်းထားပုံရသည့် သတ္တုဖြစ်ထွန်းမှုဇုန် (Mineralized zone) ရှိသော ဧရိယာ (နေရာကျဉ်းကျဉ်း)ဟူ၍ဖြစ်သည်။

လက်ရှိ အခြေအနေမှာလုပ်ကွက်နေရာသုံးခုတွင် တူးဖောက်စမ်းသပ်နေကြသည်။ ထိုလုပ်ငန်း၏ တာဝန်ခံမှာ သတ္တုပညာရှင်ဆိုသူ တရုတ်လူမျိုး ဖြစ်သည်။ (သူ့ခန္ဓာကိုယ်ကြီးမားလှသဖြင့် စခန်းမှလူတွေက တရုတ်ကြီး ဟုခေါ်ကြသည်) သူတို့ တူးဖောက်နေသည့် လုပ်ကွက်များမှာ မဆိုစလောက်သာ သတ္တုဖြစ်ထွန်းမှုရှိသော ခပ်ညံ့ညံ့နေရာတွေ ဖြစ်နေသည်။ ဘာဖြစ်လို့များ သတ္တုဖြစ်ထွန်းမှုဇုန်ရှိသော (အလားအလာကောင်းသည့်) နေရာတွေမှာ မတူးဖောက်ကြတာလဲ။ ကျွန်တော်တို့ နားမလည်နိုင်။

အစကတော့ သတ္တုနှင့်စပ်လျဉ်း၍ ထိုင်းနှင့်တရုတ်လူမျိုးနှစ်ယောက်လုံးကို ကျွန်တော်ကစပြီး မမေးမြန်း၊ မဆွေးနွေးဟု မာနဖြင့် တင်းခံထားသည်။ သို့ပေမယ့် သူတို့လက်ရှိ တူးဖောက်နေသည်က မသင့်လျော်၊ မဆီလျော်လှသဖြင့် ကျွန်တော်တို့ရေးသားပြုစုမည့် အစီရင်ခံစာအတွက် ကြုံတွေ့လာမည့် အခက်အခဲများကို ကြိုတင်ခန့်မှန်းမိသည်နှင့် တရုတ်ကြီးနှင့် ဆက်သွယ်မေးမြန်းရန် ဆုံးဖြတ်လိုက်ရပါသည်။
သူနှင့် သတ္တုအကြောင်းမပြောမီ တရုတ်ကြီး၏ ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံများကို ဦးစွာ တီးခေါက်ကြည့်မိရပါသည်။ သူ့ကို သတ္တုပညာရှင်ဟုဆိုသဖြင့် သူသည် ဘူမိဗေဒပညာရှင်လား၊ သတ္တုတွင်း အင်ဂျင်နီယာလား၊ သတ္တုဗေဒအင်ဂျင်နီယာလား စသည်ဖြင့် စူးစမ်းသည်ကို ''သတ္တုလုပ်ငန်းအတွေ့အကြုံနှစ် အစိတ်ကျော်ပြီ''ဆိုသော အဖြေမှအပ အခြားဘာမှမသိခဲ့ရပေ။

သူတို့တူးနေကြသော လုပ်ကွက်များသည် တောင်ကုန်းတောင် ကျောတွေပေါ်မှာ ဖြစ်သည်။ အောက်မှ အထက်သို့ မြောင်းရှည် (Trench)ကြီးများတူးခြင်း၊ မြေပေါ်ဟင်းလင်းဖွင့်ကျင်း (Open pit)တူးခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အလုပ်သမားတွေက ပတ်ဝန်းကျင်ရွာများမှ တိုင်းရင်းသားများဖြစ် ကြသည်။ သူတို့သည် မိုင်းလုပ်ငန်း အတွေ့အကြုံမရှိကြ။ ယခု သူတို့လုပ်နေကြသည်မှာလည်း မိုင်းအလုပ် သဘောမျိုးမဟုတ်ဘဲ မြောင်းတူး၊ တာတူးသည့်အလုပ်မျိုးသာ ဖြစ်နေသောကြောင့် ကျွမ်းကျင်မှုမလိုအပ်သော အလုပ်မျိုးသာဖြစ်နေသဖြင့် ဒါကတော့ ပြဿနာမရှိ။

ကျွန်တော်က တရုတ်ကြီးကို ''ဘာကြောင့် သတ္တုဖြစ်ထွန်းမှု အလားအလာကောင်းနိုင်သည့်နေရာများမှာ မတူးဖောက်ဘဲ သတ္တုပါဝင်မှု အလွန်နည်းပါးလှသည့်နေရာများမှာ တူးဖောက်ရပါသလဲ''ဟု တည့်တိုးကြီးပင် မေးချ လိုက်ပါသည်။ သူ့အဖြေကိုကြားလိုက်ရတော့ ကျွန်တော်အထူး အံ့သြသွားရပြန်ပါ၏။

''ဟော ဒီနေရာမျိုးတွေမှာ တူးရတာက ကျွန်တော်တို့အတွက် ဘာအန္တရာယ်မှလဲ မရှိဘူး။ တောင်ပေါ် လေ တဖြူးဖြူးနဲ့ လေလည်း ၀၀ရှူလို့ရတယ်။ မိတ်ဆွေပြောတဲ့ နေရာတွေမှာဆိုရင် (ဒယ်အိုးကြီးရဲ့ အောက်ခြေလို နေရာမှာ ဖြစ်နေတဲ့အတွက်) အခုလို မြေပေါ်မှာတင် တူးလို့မဖြစ်နိုင်တော့ဘူး။ မြေအောက်တူးဖော်နည်းတွေနဲ့ပဲ တူးရတော့မယ်။ စိုက်တွင်းတွေ၊ မြေအောက်လိုဏ်ခေါင်းတွေနဲ့ပေါ့။ အဲဒီလို တူးဖို့က ခက်လည်း ခက်တယ်။ လေလဲ၀၀မရှူရဘူး။ မွန်းကျပ်နေမယ်။ မြေအောက်ထဲမှာ လုပ်ရမှာဖြစ်လို့ အပေါ်က မြေကြီးထုကလည်း အချိန် မရွေးပြိုကျနိုင်တာပဲ။ အန္တရာယ်သိပ်များတာပေါ့။ အခုလုပ်နေကြတဲ့ တိုင်းရင်းသားတွေနဲ့လည်း အလုပ်မဖြစ် ဘူး။ မိုင်းအတွေ့အကြုံရှိတဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့မှ လုပ်လို့ရမှာ။ အဲဒါကြောင့် . . .''

သြော်-ဖြစ်မှဖြစ်ရလေ။ သတ္တုတူးတဲ့လုပ်ငန်းပါဆိုမှ မြေအောက်(Underground) ကို ကြောက်နေရတယ်လို့။ သူ့စိတ်ထဲရှိသလို ပွင့်ပွင့်လင်းလင်းပြောပြတာကိုတော့ ကျေးဇူးတင်မိပါ၏။
သတ္တုရှာဖွေရေးသမား (သတ္တုမုဆိုး)ဟူသည် သတ္တုကြွယ်ဝသည့်နေရာမျိုးကိုသာ အမဲလိုက်သလိုမျိုးကိုသာ အမဲလိုက်သလိုမျိုး လိုက်ရမည် မဟုတ်ပါလား။ အန္တရာယ်မရှိသည့် မြေအနေအထားကိုသာ ဦးစားပေးလို စိတ် ဖြင့် သတ္တုဖြစ်ထွန်းမှု လွန်စွာအားနည်းသောနေရာမျိုးကိုသာ ရွေးချယ်တူးဖော်ခြင်းမှာ အချိန်ဖြုန်း၊ လုပ်အား ဖြုန်း၊ ငွေဖြုန်းသလိုဖြစ်၍ မလုပ်သင့်သော ကိစ္စပင်။ ဒါလောက် အန္တရာယ်ကိုရှောင်ကြဉ်ချင်သပဆိုလျှင် သတ္တု လုပ်ငန်းရှင်နှင့် ဝေးဝေးသာ နေလိုက်ပါတော့လား။ သူ့လို သတ္တုသမားမျိုးကို ကျွန်တော် တခါမှမတွေ့ဘူးခဲ့။ တရုတ်ကြီးနောက် ထပ်ပြီးပြောလိုက်သည့်စကားက ပိုဆိုးသည်။ ကျွန်တော့် တသက်မမေ့ နိုင်ဖွယ်မရှိ သူ့ပြောစကားက ''ကိုယ့်အသက်လောက် ဘယ်ဟာမှ တန်ဖိုးမရှိပါဘူးဗျာ''ဟူသတည်း။

ကျွန်တော် အတော်လေးစိတ်ကုန်သွားသည်။ ထိုစကားကို ထိုင်းသူဌေး၏ ကိုယ်စားလှယ်ကြားလျှင်တော့ သိပ်ထူးထူးခြားခြားဖြစ်မည်မထင်။ ဘာ့ကြောင့်ဆို သူကိုယ်တိုင်က သတ္တုကို စိတ်ဝင်စားမှုမရှိသောကြောင့်ပင်။ ထိုင်းသူဌေးကိုယ်တိုင်ကြားလိုက်ရင်တော့ အတော့်ကို စိတ်ဓာတ်ကျသွားလိမ့်မည် ထင်သည်။
ကျွန်တော်တို့က အစီရင်ခံစာအတွက် ကြိုးစားပမ်းစားဆောင်ရွက်ပေးမည်ဆိုပြီး မောင်းတင်လာခဲ့တာဖြစ်သည်။ ယခု တရုတ် ကြီးတို့လုပ်နေပုံက တကယ့်စိတ်ဓာတ်ကျစရာ။

x x x

ထိုတရုတ်ကြီးကို ထိုင်းသူဌေး၏ ကိုယ်စားလှယ်က ဘာကိုသဘောကျပြီး ထိုတာဝန်ပေးထားလေသနည်း။ ထိုတရုတ်ကြီး၏ စေတနာနှင့်လုပ်ဆောင်ချက်ကဖြင့် သတ္တုလုပ်ငန်းအောင်မြင်မှုနှင့် ဝေးရာဆီသို့သာ ဦးတည် နေသည်မှာ ပေါ်လွင်ထင်ရှားနေပါပြီ။ ဘယ်လိုနည်းနှင့်မျှ အပေါင်းလက္ခဏာမဖြစ်နိုင်။ အနုတ်လက္ခဏာသာ ဖြစ်မည်မှာ အသေအချာ။

သူဌေး၏ ကိုယ်စားလှယ် ထိုင်းလူမျိုးကလည်း ဘယ်လိုပုဂ္ဂိုလ်မျိုးပေနည်း။ သူသည် သတ္တုလုပ်ငန်းအတွက် တောတောင်ထဲရောက်နေသည့်တိုင် သတ္တုအကြောင်းကို စိတ်ဝင်စားဟန်မပြ။ သတ္တုအကြောင်း ပြောဆို ဆွေးနွေးခြင်းမပြု။ သတ္တုလုပ်ကွက်များကိုလည်း လိုက်လံကြည့်ရှုတာ မတွေ့ရ။ တနေကုန် သူ့တဲထဲမှာပင် ရှိနေဟန် တူသည်။
ကျွန်တော်တို့က တနေကုန် အချိန်ပြည့် ကွင်းဆင်းလေ့လာနေသဖြင့် သူနှင့် ထမင်းစားချိန်မှာပဲ ဆုံတွေ့ရသည်။ တနေ့ ထမင်းစားချိန်က သုံးချိန်၊ သူနှင့်တွေ့ရတာကလည်း ထိုသုံးချိန်သာ။ ထိုထမင်းစားချိန်တွေမှာလည်း သတ္တု ကိစ္စကို ဘာမှမပြော။ သူသည် တရုတ်ကြီးနှင့် မှိုဟင်းကောင်းကောင်းကြီးသာ ပြောနေတတ်သည်။ သတ္တု လုပ်ငန်းကို မှိုဟင်းလောက် စိတ်ဝင်စားပုံမရ။ သူလို လူမျိုးကိုမှ သတ္တုလုပ်ငန်းကိုယ်စားလှယ်အဖြစ် ထိုင်းသူဌေးက ရွေးချယ်ခဲ့သည်မှာ ထူးဆန်းပေစွ။

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကတော့ ဦးချိန်မော်နှင့် သဘောတူထားသည့်အတိုင်း အစီရင်ခံစာရေးဖို့ ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ တရုတ်ကြီး ရွေးချယ်ပေးခဲ့ပြီး လက်ရှိ သူတို့တူးနေသောလုပ်ကွက်များကို ကျွန်တော်တို့ က ဦးစားပေးစာရင်းမှာ မထည့်။ အရန်အနေဖြင့်သာ ထားလိုက်သည်။ သတ္တုဖြစ်ထွန်းမှု ဇုန်ရှိသော နေရာများ ၌သာ စိုက်တွင်းနှင့် မြေအောက်လိုဏ်ခေါင်း၊ လိုဏ်ဖြတ်များ တူးဖောက်၍ နေရာများ ရွေးချယ်လိုက်သည်။ ထိုနေရာများ၌ တူးဖောက်စမ်းသပ်ပေးဖို့ အဆိုပြုတင်ပြ၍ဖြစ်သည်။ ထိုအဆိုပြုချက်နှင့် မြေပုံများကို ဦးချိန်မော် ထံပေးအပ်ပြီး သူနှင့် ဆက်လက်ဆွေးနွေးမည်။
ကွင်းဆင်းကိစ္စများပြီးစီးသည်နှင့် ကျွန်တော်တို့၏ ပထမအကြိမ် ကွင်းဆင်းလုပ်ငန်းကို အဆုံးသတ်လိုက်ပြီး ရန်ကုန်သို့ ပြန်ခဲ့တော့သည်။

x x x

ဦးချိန်မော်နှင့် ဒုတိယအကြိမ် တွေ့ဆုံလိုက်ရတော့မှ ဦးချိန်မော်၏ အခန်းကဏ္ဍ သိပ်အရေးမပါသည့်အဖြစ်ကို သိလိုက်ရပါတော့သည်။
ကျွန်တော်တို့ အဆိုပြုလိုက်သောနေရာတွေမှာ တူးဖောက်ဖို့ဆိုသည့် အချက်ကို ဦးချိန်မော် သဘောပေါက်ပုံ ရပါသည်။ သို့ရာတွင် . . .။ သူက ထိုင်းကိုယ်စားလှယ်ကိုမကျော်နိုင်။ ထိုကိစ္စကို ဦးချိန်မော်နှင့် ထိုင်းကိုယ်စား လှယ်တို့ ဖုန်းဖြင့် ညှိနှိုင်းသောအခါ ထိုင်းကိုယ်စားလှယ်က တရုတ်ကြီး လက်ရှိ တူးဖောက်နေသည်ကိုသာ လက်ခံပြီး ဦးချိန်မော်၏ အဆိုပြုမူ (ကျွန်တော်တို့ တင်ပြသောအဆိုပြုမှု)ကို လက်မခံဘဲ ငြင်းဆန်လိုက်ခြင်းပင်။

ကျွန်တော်တို့လည်း အတော်စိတ်ပျက်သွားသည်။ မတတ်နိုင်။
ထိုင်းသူဌေးကြီးရေ နှုတ်ဆက်လိုက်ပါသည်။ ထိုကုမ္ပဏီနှင့် ကျွန်တော်တို့ကြား နောက်ဆုံးဆက်သွယ်နေသော ကြိုးကလေးသည် ယခုအခါ တိခနဲပြတ်တောင်သွားရလေပြီ။
နောက်လေးလခန့်အကြားတွင် ရတနာနိုင်ငံတော် သတ္တုကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသော ထိုခဲသတ္တု လုပ်ကွက်၏လုပ်ငန်းများ လုံးဝ ပိတ်သိမ်းလိုက်ကြောင်း ကြားလိုက်ရသည့်အခါ ကျွန်တော်တို့ ထူးပြီး မအံ့သြမိတော့ပါ။

x x x

ဤကား . . .၊ မြန်မာ့တောတောင်တွေထဲမှာ တချိန်က ကျွန်တော် ကိုယ်တိုင်ကြုံဆုံခဲ့ရသော နိုင်ငံခြားသား အချို့၏ တောတွင်းဇာတ်လမ်းတပုဒ်ပေတည်း။

ဆင်တဲဝ မြတ်ဖုန်း


No comments: