Wednesday, January 13, 2016

NLD အမတ် အများစုအနိုင်ရသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ဖေဖော်ဝါရီ ၁ရက် စမည်

NLD အမတ် အများစုအနိုင်ရသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ဖေဖော်ဝါရီ ၁ရက် စမည်
--------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၂
အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ် အများစုအနိုင်ရရှိခဲ့သည့် ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။
ယင်းသို့တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလွှတ်တော်များမှ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားလွှာများပေးပို့လာကြောင်း ၄င်းတို့က ဆိုသည်။
“ကျွန်တော်ဆီ ဒီနေ့ ဖိတ်စာရောက်တယ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ လွှတ်တော်တက်ဖို့ပေါ့” ဟု အနိုင်ရ NLDပါတီ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ် NLDပါတီ ဥက္ကဋ္ဌဦးဇော်လွင်ကလည်း “ ဒီမှာလည်း လွှတ်တော်တက်ဖို့ ဖိတ်စာတွေ ပို့လာပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံး အဲဒီနေ့မှာပဲ အစည်းအဝေး စမယ်လို့ ကြားတယ်”ဟုဆိုသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ဖိတ်စာပေးပို့လာကြောင်း NLDပါတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကပြောကြားသည်။
“ဖိတ်စာတွေတော့ လာဝေတာတွေ့တယ်။ ဒါပေမယ့် ၈ရက်နေ့ကို အစည်းအဝေးရွှေ့တယ်လည်း ကြားရတယ်၊ အဲဒါကတော့ စာမရောက်ဘူး” ဟု ၄င်းကဆိုသည်။
သို့သော်လည်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ စတင်ချိန်တွင် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်အစည်းအဝေးများကို တစ်ပြိုင်တည်းခေါ်ယူကျင်းပလေ့ရှိကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
“အရင် ၂ဝ၁၁တုန်းကလည်း ပြည်ထောင်စု စခေါ်တဲ့အချိန်မှာ ကျန်ပြည်နယ်၊ တိုင်းလွှတ်တော်တွေက အစည်းအဝေး စခေါ်ခဲ့တယ်” ဟု ၄င်းကဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသောအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လွှတ်တော်ကိုယ်စားလှယ် ၄၇၅ဦးနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂၁ဦး အနိုင်ရရှိခဲ့သည်။
အဆိုပါ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွင်း မကွေးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်များတွင် NLD ပါတီက မဲဆန္ဒနယ်ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည်။

No comments: