Wednesday, January 13, 2016

မော်တော်ယာဉ်တင်သွင်းလျှင် ဝင်ငွေခွန်ပေးဆောင်ရမည့်ကိစ္စ ခေတ္တဆိုင်းငံ့

မော်တော်ယာဉ်တင်သွင်းလျှင် ဝင်ငွေခွန်ပေးဆောင်ရမည့်ကိစ္စ ခေတ္တဆိုင်းငံ့
--------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၂
မော်တော်ယာဉ်တင်သွင်းရာတွင် ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထောက်ခံချက်ပြသနိုင်မှသာ တင်သွင်းခွင့်ရရှိမည်ဆိုခြင်းကို လတ်တလော ခေတ္တဆိုင်းငံ့ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။
မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒဟောင်းများအတိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ၌သာ လျှောက်ထားနိုင်မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီလ ၈ရက်နေ့မှစတင်၍ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ဝင်ငွေခွန်ကောက်ခံခြင်းကို ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
“စီးပွား/ကူးသန်းက မူပြန်မချပေးသေးဘူးဗျ။ သူတို့ဘယ်လိုလုပ်ရမလဲဆိုတာ မူပြန်ချပေးရင်တော့ ပြန်ကောက်မှာပေါ့” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
ထိုကဲ့သို့ ဝင်ငွေခွန်ပေးဆောင်ရမည်ဆိုပါက Free Permit ဖြင့်တင်သွင်းမည့် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဝဝဝ မော်တော်ယာဉ်များမှာ ကျပ်သုံးသိန်းခန့် ပိုမိုကုန်ကျမည်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနသို့ ထပ်မံလျှောက်ထားရမည်ဖြစ်သည့်အတွက် အချိန်ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ရှင်းပြသည်။
၂ဝ၁၅ ခုနှစ်အတွင်းက မော်တော်ယာဉ်တင်သွင်းခြင်းကိုထိန်းချုပ်ရန် ရန်ကုန်လိပ်စာဖြင့်တင်သွင်းမည်ဆိုပါက ယာဉ်ရပ်နားခွင့်ထောက်ခံချက်ပါရှိမှသာ တင်သွင်းခွင့်ရရှိမည်ဖြစ်ဟုကန့်သတ်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ယာဉ်တင်သွင်းမည်ဆိုပါက ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက်ပြသနိုင်မှသာ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထပ်မံကန့်သတ်လိုက်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏မူအရ မော်တော်ယာဉ်တင်သွင်းမည့်သူများမှာ ဝင်ငွေရလမ်းဖော်ပြနိုင်ပါက အခွန်ပေးဆောင်ရန်မလိုဘဲ ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေမှ ဝင်ငွေခွန်ဇယားအတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး နှုန်းထားတွက်ချက်ပုံမှာ ဆိပ်ကမ်းအရောက်မော်တော်ယာဉ်တန်ဖိုး(CIF)၊ အကောက်ခွန်ဂျူတီ(Custom Duty)နှင့် ကုန်သွယ်ခွန် စုစုပေါင်းတန်ဖိုးဖြင့် ရာခိုင်နှုန်းတွက်ချက်ရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန နေပြည်တော်ထံမှ သိရသည်။

No comments: