Wednesday, January 13, 2016

တိုင်းရင်းသားများ၏ သဘောဆန္ဒအရေးကြီးသည့်အတွက် အန်အယ်လ်ဒီအနေဖြင့် ကျင်းပနေဆဲ ညီလာခံတွင် ဖက်ဒရာယ်ပုံစံကို တင်ပြမည်မဟုတ်

တိုင်းရင်းသားများ၏ သဘောဆန္ဒအရေးကြီးသည့်အတွက် အန်အယ်လ်ဒီအနေဖြင့် ကျင်းပနေဆဲ ညီလာခံတွင် ဖက်ဒရာယ်ပုံစံကို တင်ပြမည်မဟုတ်
--- --- ---
စိုင်းထွန်းအောင်လွင်

ဖက်ဒရာယ်ပြည်ထောင်စု စနစ်မှာ ပုံစံအမျိုးမျိုးရှိပြီး တိုင်းရင်းသားများ၏ သဘောဆန္ဒမှာ အရေးကြီးသည့်အတွက် အန်အယ်လ်ဒီအနေဖြင့် သီးသန့် ဖက်ဒရယ်ပုံစံမူတရပ်ကို ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြသွားမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

‘ဖက်ဒရယ်နဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အရင်ဆုံးစပြောတာ ကျန်တော်တို့ အန်အယ်လ်ဒီပဲ ကျန်တော်တို့က ဘာလုပ်ပါဆိုပြီး ညွှန်ကြားတဲ့ ပုံစံမျိုးလုပ်မှာ မဟုတ်ဘူး။ အရေးကြီးတာ ဖက်ဒရာယ်မှာ ပါမဲ့သူတွေက ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာ ဆုံးဖြတ်ရမှာ အရေးကြီးတာက ဖက်ဒရယ်က ပုံစံအမျိုးမျိုးရှိတဲ့အတွက် တိုင်းရင်းသားတွေအချင်းချင်းတိုင်ပင်ပီး ရွေးချယ်ကြဖို့လိုတယ်။ ဟု ဦးဥာဏ်ဝင်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှုအဖြစ် ကျင်းပနေသည့် ညီလာခံတွင် ဇန်န၀ါရီလ ၁၃ ရက်ရက်နေ့မှစ၍ ဖက်ဒရာယ်စနစ်တွင် အခြေခံရမည့် မူများကို စတင်ဆွေးနွေးကြမည် ဖြစ်သည်။

ညီလာခံတက်ရောက်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကမူ ပင်လုံစာချုပ်ကို အခြေခံ၍ ၁၉၆၁ ခုနစ်က ကျင်းပခဲ့သည့် တောင်ကြီးတိုင်းရင်းသား ညီလာခံတွင် ရေးဆွဲထားသော ရှမ်းမူကို အခြေခံသည် ဖက်ဒရယ်ပုံစံကိုတင်ပြမည်ဖြစ်ကြောင်း ညီလာခံတက်ရောက်နေသူ တဦးဖြစ်သည့် ဦးစိုင်းကျော်ညွှန့်က ပြောသည်။

' ရှမ်းပြည်နယ်က လုပ်ခဲ့တဲ့ ရှမ်းမူအပေါ် အခြေခံပြီးတော့ တင်မှာပါ အဓိကကတော့ ပင်လုံစာချုပ်ကို အခြေခံမယ် ၁၉၆၁မှာ တောင်ကြီးမှာ တိုင်းရင်းသား ပေါင်းစုံညီလာခံလုပ်တယ် ပြည်ထောင်စုမူစစ်စစ်ပေါ်မှာ အခြေခံပြီးတော့မှ သွားမှာပါ။ ၈ ပြည်နယ်ကို အခြေခံမှာပါ' ဟု ဦးစိုင်းကျော်ညွှန့်က ပြောသည်.။

ယင်း ၈ ပြည်နယ်မူအရ လက်ရှိ ပြည်နယ်ရရှိပြီးသော အဓိက တိုင်းရင်းသားမျိုးနွယ်စု ၇ စုမှာ တပြည်နယ်စီ ရှိရမည်ဖြစ်ပြီး ဗမာလူမျိုးများကလည်း ပြည်နယ် ၁ ပြည်နယ်အဖြစ် ရှိနေမည်ဖြစ်ကာ လွှတ်တော်ဖွဲ့စည်းပုံစံတွင်လည်း အထက်လွှတ်တော်မှာ အချိုးအညီအမျှရှိနေရမည်ဖြစ်ပြီး လွှတ်တော်တရပ်က ကန့်ကွက်သည်နှင့် ဥပဒေများ အဆိုများမှာ အတည်မပြုနိုင်သည့် အခြေနေမျိုးကိုရောက်ရှိစေမည်ဖြစ်သည်. ယင်းအပြင် ပြည်နယ်အစိုးရများကို ပြည်သူများက ရွေးချယ်ခွင့် ၊ အာဏာခွဲဝေရေး ၊ သယံဇာတခွဲဝေခွင့် ၊ အခွန်ကောက်ခံခွင့်နှင့် ဥပဒေပြုရေးဆိုင်ရာ အခွင့်ရေးများလည်းပါဝင်မည်ဖြစ်ပြီး တပ်မတော်ဖွဲ့စည်းမှုနှင့် ပတ်သက်၍လည်း တန်းတူအခွင့်ရေးရှိနိုင်သော ပြည်ထောင်စုပုံစံ စုဖွဲ့မှုမျိုးလည်း ပါဝင်မည်ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကမူ အမျိုးသား ပြည်နယ်များကို အခြေခံသည့် ဖက်ဒရယ်ပုံစံကိုတင်ပြသွားမည်ဖြစ်သည်။
' ကျန်တော်တို့က လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်က လုပ်ခဲ့တာပါ။ တိုင်းရင်းသားအခြေခံမယ်။ အမျိုးသားကိုအခြေခံသော ပြည်နယ်ပေါ့လေ ၈ တော့ မကဘူး အမျိုးသား တရပ်ပီပီပြင်ပြင်ရှိမယ်ဆိုရင် မြန်မာပြည်မှာ ၁၂ ပြည်နယ်လည်း ဖြစ်နိုင်တယ် ၁၅ ပြည်နယ်လည်းဖြစ်နိုင်တယ် ' ဟု အဖွဲ့၏ နာယယက ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ယင်းမူအရ အမျိုးသာ့း ပြည်နယ် သတ်မှတ်ချက်အဆင့်ကိုမှီသည့် ( ဥပမာ လူဦးရေ ၊ နယ်မြေတဆက်တစပ်တည်း တည်ရှိမှု ၊ အစဉ်အလာ စသဖြင့် ) တိုင်းရင်းသားမျိုးနွယ်စုများမှာ ပြည်နယ် အဆင့်သတ်မှတ်ချက်ကို ရရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ ရခိုင်အမျိုးသားပါတီကမူ တိုင်းရင်းသားအားလုံး မနစ်နာစေနိုင်သည့် ဖက်ဒရာယ်ပုံစံတရပ်ကို တင်သွင်းမည်ဖြစ်ကြောင်း ပါတီ၏ မူဝါဒရေးရာဆိုင်ရာ အဓိက တာဝန်ရှိသူတဦးဖြစ်သည့် ဦးဦးလှစောက ပြောသည်။
' ၈ ယူနစ်တော့မဟုတ်ဘူး ၈ ပြည်နယ်ဆိုရင် ကျန်တဲ့ ပြည်နယ်ရချင်သူတွေ ပအိုဝ်းတို့ ၀ တို့က ဘယ်လိုလုပ်မလဲ။ တအာင်းပလောင်တို့ကအစပေါ့ အားလုံးအတွက် မနစ်နာရတဲ့ ပုံစံမျိုးကို တင်မှာပါ။' ဟု ဦးဦးလှစောက ပြောသည်။

ကျင်းပနေသည့် ညီလာခံမှာ ၅ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး နောက်ဆက်တွဲညီလာခံများကို အန်အယ်လ်ဒီအစိုးရ လက်ထက်တွင် ဆက်လက်ကျင်းပရမည်ဖြစ်သည်.။
ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားများ၏ အိပ်မက်ကို အကောင်ထည်ဖော်နိုင်မည်ဖြစ်ပြီး ၂၁ ရာစုနှစ်နှင့် ကိုက်ညီမှုရှိသော ပင်လုံညီလာခံမျိုး ဖြစ်ပေါ်လာရန် မျှော်လင့်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံဖွင့်ပွဲနေ့ အဖွင့်မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုသည်။

The Ladies News

Photos - Myanmar Peace centre
ကျင်းပနေဆဲ ညီလာခံမှ အစုအဖွဲ့လိုက် ဆွေးနွေးမှု မြင်ကွင်း

No comments: