Tuesday, January 5, 2016

ဝင်းနဲ့ဇော် လုံးဝ လွတ်မြောက်ရေးအတွက် တာဝန်ရှိသူများသို့ နောက်ဆုံး အကြံပေးချက်။ Jan 5, 2016







နေ လင်း အောင်
-----------------------------------------------------------

(အစိုးရ နှင့် တာဝန်ရှိသူများ ဖတ်သည်အထိ ၀ိုင်းဝန်း ကူရှယ်ပေးပါ။ ၀င်းနှင့်ဇော်ကို
သေဒါဏ် လွတ်ဘို့လောက်ထိပဲ ပြောနေသူများ သေချာဖတ်ပါ။
အောက်ပါ အကြံပေးချက်တိုင်း မလုပ်ပါက မုချ အမှန် အမှု ရှုံး မှာ ဖြစ်ပါသည်။ အောက်ပါ အတိုင်း တိတိကျကျလုပ်ပါကမုချ အမှန် ကွင်းလုံးကျွတ်လွတ်မှာ ဖြစ်ပါသည်။
၁၀ချက်ထဲမှာ DNA နှင့် ဆိုင်သော အချက်နဲ့တင် ၀င်းနဲ့ဇော် တို့ လွတ်နိုင်ပါတယ်။
အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။ )

ဝင်းနဲ့ဇော် အတွက် မြန်မာ ပြည်အစိုးရက ပိတ်ဆို့မှု ထိရောက်စွာ မလုပ်နိုင်ပါက အောက်ပါ အချက်များကို ဥပဒေ ကြောင်း ဖြင့် ထိုင်းရှေ့နေများနှင့်အတူ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လျှင် မုချ ထိုင်းရဲများဂျောင်ပိတ် သွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

အရင်က ရှေ့နေများ တင်ပြသော အချက်များကို တရားသူကြီးက မသိကျိုးကျွန် ပြု ခဲ့သော အချက်များကိုလည်း ယခု တရားဝင် စာထုတ်ပြီး တောင်းဆို စေလိုပါသည်။

ကျနော်တို့ဘက်က အမှု ကို ပြန်လည်သုံးသပ် ပေးပါ ဆိုတာထက် အချက်လက်များ ထိထိမိမိ နှင့် ဖြစ်နိုင်ချေများကို တင်ပြတောင်းဆိုသင့်ပါသည်။ ထိုင်းအစိုးရဘက် လိုက်လျောလျှင် ကျနော်တို့ဘက် အမှု နိုင်မည်။

ထိုင်းအစိုးရဘက်က မလိုက်လျော လျှင် သူတို့သာ ကမ္ဘာမှာ အရှက်ကွဲမည် ဖြစ်သည်။ ယနေ့ထိ လိပ်ကျွန်းအမှု သေဒါဏ်ပေးတာကို မြန်မာဘက်က ဘာကြောင့် လက်မခံနိုင်တယ် ဆိုတာ ကမ္ဘာက သိအောင် မချပြနိုင်လျှင် ကျနော်တို့က အမှန်တရားကို လက်မခံနိုင်တဲ့ ငပေါတွေ အဖြစ်သာ သမိုင်းမှာကျန်ခဲ့မည် ဖြစ်သည်။
-------

ထိုင်းအစိုးရဘက် တောင်းဆိုရမည့်အချက်များ

၁) ဟဲနာ ကိုယ်တွင်းမှ ရရှိသော လူသတ်မုဒိန်းကောင် DNA စစ်ချက်ကို မူရင်းတောင်းပါ။ ပညာရှင်များနှင့် အစစ် ဟုတ်မဟုတ် ပြန်စစ်ပါ။ ၀င်းနဲ့ဇော် တို့၏ စစ်ချက် နှင့် လဲလိုက်လျှင်လည်း ဘာမှ တတ်နိုင်မည်မဟုတ်ပါ။ ငွေစက္ကူ တောင် အတု လုပ်နေတဲ့ ခေတ်မှာ ဒီအန်အေ စစ်ချက်ကို အတု လုပ်ဘို့မခဲယဉ်းပါ။

၂) ဟဲနာ ကိုယ်တွင်းမှာ ရသော ဒီအန်အေ များကို ချန်ထားရမည် ဖြစ်သော်လည်း ခနခန စစ်သောကြောင့်ကုန်ပြီဟု တရားရုံးတွင် အလွယ်တကူ ပြောဆိုချက်များသည် ဥပဒေနှင့် အကျုံး ၀င် မ၀င် ရှေ့နေနှင့်တိုင်ပင်ပါ။ တရားပြန်စွဲသင့်လျှင် ပြန်စွဲပါ။ ( ၄င်း မူရင်း DNA သည် ၀င်းနဲ့ ဇော် ကို သေမင်း ဆီ ပို့တော့မည့် အချက်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။)

၃) နောက် အရေးကြီးဆုံး အချက်ဖြစ်သည့် ဟဲနာ နှင့် ဒေးဗစ် အ၀တ်အစားများတွင် ဒီအန်အေ များ စစ်ဆေးလျှင် ၀င်းနှင့် ဇော်တို့၏ လွတ်လမ်း ရှိသော်လည်း တရားရုံးတွင့် ထိုသက်သေခံပစ္စည်းများကို မတင်ပြနိုင်ပါ။ အကယ်၍ တတ်ကျွမ်းသူများက ဒီအန်အေ စစ်ဆေးလျှင် သဲလွန်စများ ပြန်ရနိုင်ပါသည်။ ထိုင်းရဲဘက်က ထိုသက်သေခံပစ္စည်းများ ပျောက်သည်ဟု တင်ပြထားသောကြောင့် ထိုင်းရဲ ကို သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ဖြင့် တရားစွဲပါ။ တရားဥပဒေကြောင်းအရ လုပ်သင့်တာ ပြန်လုပ်ပါ။

၎) သေဆုံးသူ ဟဲနာလက်ထဲတွင့် တွေ့ရှိသော ရွှေဝါရောင် ဆံပင်အား DNA စစ်ခွင့်ပြန်တောင်းပါ။ ထိုင်းရဲများ ထိုကိစ္စ ကို ၀ါးတားတား လုပ်ထားပါသည်။

၅) ကမ္ဘာ့စံချိန်မှီ ဒီအန်အေ စစ်တယ် ဟု ထိုင်းရဲများ က ကြွေးကြော်သော်လည်း လက်တွေ့တွင်မူ ပေါက်တူးမှာ ဒေးဗစ် ဒီအန်အေ ရှိကြောင်းကိုပင် မသိကြပါ။ ဒေါက်တာ ဖွန်ထစ် အမှု ကြားနာစဉ်ကာလက ဒေါက်တာ ဖွန်ထစ် ပေါက်တူးကို ပြန်တောင်းစစ်မှ ဒေးဗစ်ဒီအန်အေ ရှိကြောင်း သိရှိရပါသည်။ ထိုကိစ္စကိုလည်း ပြန်လည် စစ်ဆေးခိုင်းပါ။ ၀င်းနဲဇော် က ပေါက်တူးကို ရေးဆေးပြီး သက်သေ ပစ္စည်းဖျောက်တယ် ဆိုလျှင် ဒေးဗစ် ဒီအန်အေ ကိုလည်း ရှာတွေ့ စရာ အကြောင်းမရှိပါ။
ထို့ကြောင့် လူသတ်လက်နက်ပေါက်တူးတွင် ဘာကြောင့် ဟဲနာ ဒီအန်အေ မပေါ်သလဲ။ စသဖြင့် မေးခွန်းထုတ်ပြီး သက်သေ အထောက်ထားနှင့် ပြန်ရှင်းခိုင်းပါ။

၆) အင်္ဂလန်ဘက်မှ ထိုင်းရှေ့နေများကို ပေးထားသော ဟဲနာ ၏ ခွဲစိတ်ပုံ အသေးစိတ် ( ပုံပါ ပို့သည်) ဆေးမှတ်တမ်းနှင့် ထိုင်း မှု ခင်း ဆရာဝန် တို့၏ ဆေးမှတ်တမ်း အဖြေ ကွာခြားပုံကို ရုံးတော်တွင် တင်သော်လည်း တရားသူကြီးဘက်မှ အရေးတယူ မလုပ်ခဲ့သည်ကိုလည်း ပြန်လည် တင်ပြ တောင်းဆိုပါ။
(ဥပမာ။ ။ ထိုင်းရဲဘက် ဟဲနာ မိန်းမကိုယ်ကွဲသည်။ အင်္ဂလန်ဘက် က ဟဲနာ မိန်းမကိုယ် မကွဲပါ)

၇) အလောင်းစတွေ့သူသည် မြန်မာ အမျိုးသမီး မဥမ္မာဖြစ်ပြီး ထိုင်းရဲဘက်က သက်သေ အဖြစ်ထွက်ဆိုဘို့ နာမည် တင်သွင်းထားသော်လည်း မဥမ္မာ သည် မြန်မာပြည် ပြန်သွားသည်ဟူသော အကြောင်းပြချက်နှင့် တရားရုံး မတက်ခဲ့ပါ။ သူမကိုလည်း မြန်မာ အစိုးရဘက်က ဆက်သွယ်ပြီး သက်သေ အဖြစ်တင်သွင်းပြီး ပြန်စစ်ဆေးမေးလျှင် ထူးခြားသော အချက်များ ရရှိနိုင်ပါသည်။

၈) ဇော်လင်း နှင့်အတူ အဖမ်းခံရသော မြန်မာ လူငယ် တစု ၏ ရိုက်နှက် စစ်ဆေးခံရမှု ကို ဇော်လင်းအကို က ထွက်ဆိုပေးထားပါသည်။ ထိုသူတို့၏ နာမည် များ နှင့် အဖြစ်ပျက် အသေးစိတ်ကို ကျနော် ထိုင်းရှေ့နေ များထံပို့ပြီး ဖြစ်သော်လည်း ထို သက်သေများ ထဲမှ ၂ ယောက်မှာ ရခိုင်တွင်ရှိသည်ဟု သိထားသော်လည်း တရားရုံးတက်ရောက်ခြင်း မရှိပါ။ ထို့ကြောင့် မြန်မာ အစိုးရမှာ ထိုအချက်လက်များကို ပြန်တောင်းဖတ်ပြီး ဇော်လင်းသူငယ်ချင်း ၂ ယောက်ကို ရခိုင်တွင် ပြန်လည် ဆက်သွယ် ပါက အတင်း ၀န်ခံစေမှု (Force confession) ကို ပြန်လည် ရိုက်ချနိုင်ပါသည်။

၉) ၀င်းနဲ့ဇော် ကို မဖမ်းခင်မှာ လိပ်ကျွန်းမှ ထိုင်း တက္ကစီ ဒရိုက်ဘာ တဦး ကို ဘတ်ငွေ ၇သိန်းပေးပြီး ၀န်ခံခိုင်းသော်လည်း ထိုသူမှ ၀န်ခံမပေးသောကြောင့် ရိုက်နှက် သည် ဟူသော သတင်း တခု ထွက်ပေါ်ခဲ့ပါသည်။ သတင်းတွေ ထိုသူ၏ မျက်နာ ပုံပါ သောကြောင့် တာဝန်ရှိသူ နှင့်ထို သူအားသက်သေ အဖြစ် ထွက်ဆိုလာအောင် တောင်းဆိုနိုင်ပါသည်။ ထိုင်းရဲတို့က ဒီအမှု ကိုတောက်လျှောက် ဓားစားခံရှာခဲ့သည်ကို ထောက်ပြရန်ဖြစ်သည်။ ( သို့သော် ဒီအချက်မှာ လိုက်ဘို့ခက်ခဲလျှင် ချွင်းချက် ထားနိုင်သည်။) ( ပုံတွင်ပြထားသည်)

၁၀) CSILA ပြောထားဘူးသလို မြန်မာ ပြည်ဘက်က တတ်ကျွမ်း ပညာရှင်များ ကို ထိုင်းရှေ့နေ နားတွင် အကြံပေး အဖြစ် အနီးကပ်ထားပါ။

ကွန်နက်ရှင်ရပါက ပုံတင်ပေးပါမည်ခင်ဗျာ .. ။

Credit--- နေ လင်း အောင်

စာကြွင်း ---ပုံတွေကို သီးသန့် ထပ်တင်ထားတာတွေ့လို့
တစ်ပါတည်း တင်ပြတာပါ။






No comments: