++++++++++++++
တစ်ခါက.. စာရေးဆရာတစ်ယောက်ဟာ..ပင်လယ်ကမ်းခြေတစ်ခုကိုသွားပြီး စာရေးသားနေခဲ့ပါသတဲ့.။ သူဟာ ဘန်ဂလိုတစ်ခုကို ငှားရမ်းပြီး စိတ်အေးလက်အေးနဲ့ စာပေတွေကို ရေးသားခဲ့တယ်..။ မနက်ပိုင်းမှာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူလေ့ရှိတယ်
..။ ပြီးတော့ တစ်နေကုန်စာရေးသားတယ်..။ ညနေခင်းပိုင်းနဲ့ ညပိုင်းမှာတော့ သူဝါသနာပါတဲ့ သီချင်းနားထောင်ခြင်း၊ ဂစ်တာတီးခြင်းတွေကိုပြုလုပ်ပြီး အပန်းဖြေခဲ့တယ်..။
တစ်ညမှာတော့ ပင်လယ်ကမ်းခြေမှာ အတော်အတန်ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့တယ်..။ စာရေးဆရာဟာ သူပြုလုပ်နေကျ အပန်းဖြေမှုတွေကိုတောင်မလုပ်နိုင်ဘဲ ဘန်ဂလိုရဲ့ တံခါးတွေကိုပိတ်ခါ ကြောက်လန့်တကြားနဲ့ ညကို ဖြတ်သန်းခဲ့ရရှာတယ်..။
နောက်တစ်နေ့မနက်မှာတော့ မုန်တိုင်းစဲသွားပြီဖြစ်လို့ ခါတိုင်းလိုပဲ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်အပန်းဖြေတယ်..။ ဒီတစ်ကြိမ်မှာတော့ သူဟာ ခါတိုင်းနဲ့မတူတဲ့ ပင်လယ်ကမ်းခြေရဲ့ မြင်ကွင်းတစ်ခုကို သူတွေ့မြင်လိုက်ရတယ်..။ အဲဒါကတော့ ပင်လယ်ကမ်းခြေတစ်လျှောက်လုံးမှာ.. မြောက်များလှတဲ့ ကြယ်ငါးတွေ သောင်တင်နေကြတာပဲဖြစ်တယ်..။
"ညက မုန်တိုင်းကြောင့်ဖြစ်မယ်"
လို့ သူတစ်ကိုယ်တည်းမှတ်ချက်ချလိုက်တယ်..။
အဲဒီလိုနဲ့ပဲ စာရေးဆရာဟာ ကြယ်ငါးတွေကိုဆက်လက်ကြည့်ရှုခြင်းမရှိတော့ဘဲ ဆက်လက်ထွက်ခွာလာတယ်..။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကို သူထပ်တွေ့ပြန်တယ်..။ သူ့မြင်ကွင်း တဆုံးလောက်မှာ ကခုန်နေတဲ့ လူတစ်ဦးကို သူတွေ့လိုက်ရတယ်..။
"ဒီလူက ကမ်းခြေမှာ ဘာလို့ကနေတာပါလိမ့်" လို့ သူတွေးပြီး ခပ်မြန်မြန်လမ်းလျှောက်ခါ ကခုန်နေသူဆီကို သွားခဲ့တယ်..။ ဒါပေမယ့် အနီးအနားကို ရောက်တဲ့အခါမှာတော့ သူထင်သလို ကခုန်နေခြင်းမဟုတ်တာကို သူတွေ့လိုက်ရပြန်တယ်..။ တကယ်တော့ သူတွေ့မြင်ခဲ့ရတဲ့သူဟာ လူငယ်လေးတစ်ဦးဖြစ်နေခဲ့တယ်။ ပြီးတော့ သူဟာ ကခုန်နေတာမဟုတ်ဘဲ စောစောလေးကမှ သူမြင်တွေ့ခဲ့တဲ့ သောင်တင်နေတဲ့ ကြယ်ငါးတွေကို လိုက်လံကောက်ယူပြီး ပင်လယ်ထဲကို ပြန်လည် ပစ်ချနေတာပဲဖြစ်တယ်..။
"ဘာတွေလုပ်နေတာလဲ ကောင်လေး"
လို့ စာရေးဆရာက မေးတယ်..။ အဲဒီအခါ လူငယ်က
"ဒီကောင်တွေရဲ့အသက်ကို ကယ်မှဖြစ်မယ်ဗျ၊ နို့မို့ဆိုရင် နေထွက်လာတာနဲ့ အပူရှိန်ကြောင့် ကင်လိုက်သလိုဖြစ်ပြီး သူတို့သေကြလိမ့်မယ်"
လို့လူငယ်က ပြန်ပြောတယ်.. ။ စာရေးဆရာက
"ဒီလောက်များတဲ့အကောင်တွေကို မင်းဘယ်လိုကယ်မှာလဲ" လို့ စာရေးဆရာက ပြန်မေးပြန်တယ်..။
အဲဒီအခါ လူငယ်က စာရေးဆရာဘက်ကို လှည့်လိုက်ရင်း..
"အကုန်လုံးတော့ကယ်လို့မရဘူးပေါ့ဗျာ..၊ ကျွန်တော်တတ်နိုင်သမျှတော့ ကယ်သွားနိုင်တာပေါ့..။ အကုန်လုံးသေတာထက်စာရင်း တချို့တလေတော့ အသက်ရှင်ခွင့်ရသွားတာပေါ့"
လို့ပြန်ဖြေလိုက်တယ်..
-----------------------------
တကယ်တော့ ကျနော်တို့တွေဟာ.. စာရေးဆရာလို လူစားတွေဖြစ်ချင်ဖြစ်နေမယ်လို့ ကျနော်တွေးမိတယ်..။ ဘယ်သူမှ မလုပ်တဲ့အတူတူ ငါတစ်ယောက်တည်းလုပ်တော့လည်း ဘာထူးမှာလည်းဆိုတဲ့အတွေးတွေ ရှိနေတတ်ကြပြန်တယ်..။ ဒီလောက်ညစ်ပတ်နေမှတော့ ငါတစ်ယောက်တည်း သန့်ရှင်းရေးလုပ်နေလည်း ဘာထူးမှာလဲ၊ လူတိုင်းစည်းကမ်းမလိုက်နာမှတော့၊ ငါတစ်ယောက်တည်း လိုက်နာလည်း ဘာထူးမှာလဲ.။ ဒီလောက် ကြယ်ငါးတွေများနေတာ.. ငါကယ်တော့ကော ဘာထူးမှာလည်း. စတဲ့အတွေးတွေကို မွေးမြူတတ်ကြသူများပဲဖြစ်တယ်။
အဲဒီလိုစိတ်မျိုးကို မွေးမြူနေတတ်တဲ့ သူမျိုးဟာ တကယ်တော့ pessimism (မကောင်းမြင်စိတ်ရှိသူ) လို့ ပြောနိုင်တယ်..။ အဲဒီလို စိတ်မျိုးကို မွေးမြူမယ့် အစား ကြယ်ငါးတွေကို ပင်လယ်ထဲပြန်လွှင့်ပစ်တဲ့လူငယ်လို အဆိုးထဲက အကောင်းကို ရှာဖွေတဲ့အတွေးအခေါ် Positive Thinking တစ်နည်းအားဖြင့် optimism စိတ်ဓါတ်ကို ပြောင်းလဲမွေးမြူသင့်တယ်လို့ဆိုတယ်..
တစ်ခါတစ်လေမှာလည်း ကျနော်တို့တွေဟာ.. တစ်စုံတစ်ရာ မကောင်းမှုကို ပြုချင်တဲ့အခါ."တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန် မထူးပါဘူးကွာ" လို့ ဆင်ခြေပေးရင်း စောင့်ထိန်းခြင်းတွေကို လျစ်လျူရှုတတ်ကြပြန်တယ်..။ အဲဒီလို လျစ်လျူရှုတဲ့အခါ.. နဂိုကမှ မကောင်းမှုမှာ မွေ့လျော်တဲ့စိတ်အစဉ်ဟာ မကောင်းမှုတွေချည်း ဆက်တိုက်လုပ်ဖြစ်သွားကြပြန်တယ်..။ အဲဒီလို မထူးဇာတ်ခင်းကြတဲ့လူတွေများလာလေလေ၊ ကျနော်တို့နေထိုင်တဲ့အ၀န်းအ၀ိုင်း ပတ်ဝန်းကျင်မှာ အကောင်းထက် အဆိုးကိုပိုပြီးပျော်မွေ့တတ်တဲ့ လူစားတွေ များလာလေလေပဲဖြစ်လာမှာ အသေအချာပဲဖြစ်တယ်..။
အကောင်းမြင်စိတ်ဓါတ်ဟာ.. စောင့်စည်းခြင်းအတွက်လည်း အရေးကြီးသလို.. လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာပါ အရေးကြီးပြန်တယ်..။ တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ လူတစ်ယောက်ရဲ့ ဆိုးကွက်တွေကိုချည်း မြင်ပြီး "ဒီကောင်အလကားကောင်ပါကွာ" ဆိုတဲ့စကားနဲ့ ခပ်လွယ်လွယ်ပဲ မှတ်ချက်ပြုတတ်ကြသေးတယ်..။ အဲဒီ မကောင်းမြင် စိတ်အမည်းရောင်တွေထဲမှာ "စိတ်ကောင်းလေးတော့ ရှိရှာသားပဲ" ဆိုတဲ့ ကောင်းကွက်လေး တစ်ကွက်ကိုတောင်မှ ရှင်သန်ခွင့်မပေးခဲ့မိဘဲ ဖြစ်နေခဲ့ပြန်တယ်..။ အဲဒီလို အဆိုးဘက်က တွေးပြီး တစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့အခါ. ကျောက်ခဲခြင်းပွတ်တိုက်သလိုနှစ်ဖက် အထိနာပွန်းပဲ့တဲ့အပြင် အခန့်မသင့်တဲ့အခါ မီးတောက်မီးလျှံနဲ့တူတဲ့ ဒေါသမီးတွေပါ တောက်လောင်ကြပြန်တယ်..။ တကယ်လို့သာ အမည်းတွေထဲက အဖြူစက်လေးကိုမြင်တတ်ကြတဲ့အခါ..။ အဆိုးတွေထဲက အကောင်းလေးကို မြင်တတ်ကြတဲ့အခါ.. တစ်နည်းအားဖြင့် မေတ္တာနဲ့ အကောင်းမြင်စိတ်ကလေးထားတဲ့ကြတဲ့အခါ.. အရာရာ ချောမွေ့အဆင်ပြေမယ်လို့ ဆိုတယ်.။ တစ်ဦးရဲ့ ကောင်းကွက်ကို တစ်ဦးတန်ဖိုးထားရင် သာယာတဲ့ အ၀န်းအ၀ိုင်းတစ်ခုကို တည်ထောင်နိုင်လာမှာပဲဖြစ်တယ်..။ အဆိုးထဲက အကောင်းကို ရှာဖွေကြရမှာပဲဖြစ်တယ်။
အကောင်းမြင်စိတ်ဓါတ်ဟာ.. လူတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံရေးတင်မှာမက.. နိုင်ငံရေးနဲ့ပါ ပတ်သက်နေပြန်တယ်.ကျနော်တို့ရဲ့ မြန်မာပြည်ဟာ မုန်းတိုင်းစဲစ ကမ်းခြေနဲ့ အလားသဏ္ဍာန်တူတယ်..။ ပညာရေးနိမ့်ကျမှု၊ စီးပွားရေးကြပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပတ်ဝန်းကျင်မသန့်ရှင်းမှု၊ လျှပ်စစ်မီးပြဿနာ၊ လုပ်ခလစာနိမ့်ပါးမှု၊ လူကုန်ကူးမှု၊ ရာဇ၀တ်မထူပြောမှု စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ မုန်တိုင်းစဲပြီးစ ကျနော်တို့နိုင်ငံရဲ့ သောင်တင်ကျန်ရစ်နေတဲ့ ကြယ်ငါးတွေပဲဖြစ်တယ်..။
အဲဒီလိုသောင်တင်နေတဲ့အရာတွေကို ပင်လယ်ထဲကို ပြန်ပစ်ချပြီး ကယ်ဆယ်နိုင်ဖို့အတွက် စာရေးဆရာလို မထူးဇတ်ခင်းတဲ့စိတ်မျိုးကို ပယ်ခွာပြီး၊ လူငယ်လေးရဲ့ (ငါတတ်နိုင်သမျှကယ်မယ်) ဆိုတဲ့အကောင်းမြင်စိတ်ဓါတ်မျိုးကို ပြောင်းလည်း မွေးမြူသင့်လှတယ်..။ ဒီလောက်ဆိုးနေတာ၊ ငါတစ်ယောက်တည်းလုပ်တော့ကော ဘာထူးမှာလည်း ဆိုတဲ့ စိတ်ကို လူတစ်ဦးတစ်ယောက်ချင်းစီက ဖယ်ထုတ်ပစ်သင့်တယ်.။ အကောင်းမြင်စိတ်ကို မိမိကိုယ်တိုင်က စတင်မွေးမြူသင့်တယ်..။ တစ်နည်းအားဖြင့် ကိုယ်ကစပြီး ခြေတစ်လှမ်းစလှမ်းသင့်တယ်..။ မိမိကိုယ်တိုင်ကစလို့ စည်းကမ်းလိုက်နာသင့်တယ်။ မိမိကိုယ်တိုင်ကစလို့ မကောင်းမှုကို ရှောင်ကျဉ်သင့်တယ်၊ မိမိကိုယ်တိုင်ကစလို့ ရေသာခိုစိတ်ကို ဖျောက်သင့်တယ်။ မိမိကိုယ်တိုင်ကစလို့ ချိုးခြံချွေတာသင့်တယ်။ မိမိကိုယ်တိုင်ကစလို့ ထကြွလုံ့လ ပြုသင့်ကြတယ်..။
- အမည်းတွေချည်းပဲစာရင် အဖြူစက်လေးက ကောင်းပါတယ်..
-အကုန်လုံးကို မကယ်နိုင်ပေမယ့်.. တစ်ယောက်တစ်လေတော့ ကယ်နိုင်တယ်၊
- အားလုံးမဖတ်ပေမယ့်.. တချို့တလေတော့ဖတ်တယ်.. ငါဆက်ရေးမယ်..
- ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွနေတာထက်စာရင်၊ ကိုယ့်နေအိမ်လေးသန့်ရှင်းနေတော့ တော်သေးတာပေါ့
- လူတွေမလိုက်နာလို့ ကွမ်းသွေးတွေ ပေပွနေလည်း၊ ငါတစ်ယောက်မထွေးပဲနေလိုက်ရင် နည်းနည်းတော့ သက်သာသွားမယ်.
- ကန်ဘောင်တစ်ခုလုံးမှာ လူတိုင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ကြတယ်၊ ငါမပစ်ဘဲ နေလိုက်ရင် တစ်ယောက်စာတော့ သိမ်းရ သက်သာသွားတာပေါ့
စတဲ့..အကောင်းမြင်စိတ်ကို စတင်မွေးမြူသင့်တယ်..
one step towards changing the world
ဆိုတဲ့စကားလို.. အရာရာကို ပြောင်းလဲဖို့ မိမိရဲ့ခြေတစ်လှမ်းကစတင်ရမှာပဲဖြစ်တယ်..။ တစ်ယောက်ချင်းစီ ကောင်းအောင်ကြိုးစားမှသာ.. ကျနော်တို့ကိုယ်တိုင်၊ မိသားစု၊ မြို့၊ တိုင်းပြည် တစ်ခုလုံး ကောင်းလာမှာပဲဖြစ်တယ်..
ကောင်းသောအမြင်များ ရရှိကြပါစေ
Ptt

No comments:
Post a Comment