မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
မြန်မာတွင်မက ကမ္ဘာပင်ကျော်ကြားခဲ့သော ဗိုလ်မှူးဗထူး
မြန်မာတွင်မက ကမ္ဘာပင်ကျော်ကြားခဲ့သော ဗိုလ်မှူးဗထူး
.......................................
၁၉၄၅ ခုနှစ် မတ် ၂၇ ရက်သည် မြန်မာ့တပ်မတော်က ဖက်ဆစ်ဂျပန်ကို စစ်ကြေညာပြီး တိုက်ခိုက်ခဲ့သောနေ့ ဖြစ်သည်။
ထိုရက် မတိုင်မီ ၁၉၄၅ ခုနှစ် မတ် ၈ ရက်တွင် ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းကို စစ်ကြေညာကာ တော်လှန် တိုက်ခိုက်ခဲ့သူ စစ်ဗိုလ်တစ်ဦး ပေါ်ပေါက်ခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကိုသာမက ထိုစဉ်က အစိုးရ၏ အဓိပတိ ဒေါက်တာ ဘမော်အား လည်းကောင်း၊ ဂျပန် အာဏာပိုင် များအား လည်းကောင်း တော်လှန်ကြောင်း တစ်ချိန်တည်းတွင် ကြေညာသည်။
သူသည် မြန်မာပြည် အစိုးရ ဆန့်ကျင်ရေး၊ ဗမာ့တပ်မတော် ဆန့်ကျင်ရေး စာများကို အထက် မြန်မာပြည်တွင် ဖြန့်ဝေခဲ့သည်။ ၎င်း၏ တပ်များကို အရပ်သား တပ်မတော် အမည်တွင်စေကာ ၁၉၄၅ ခုနှစ် မတ် ၈ ရက်တွင်မန္တလေး၊ စစ်ကိုင်း၊ မြစ်ငယ် ဒေသများတွင် စစ်မျက်နှာ ဖွင့်ကာ ဂျပန်တပ်များကို တိုက်ခိုက်သည်။ ၁၉၄၅ ခုနှစ် မတ် ၁၈ ရက်တွင် ကျောက်ဆည်မှ တစ်ဆင့် ကျောက်ဆည် အရှေ့ဘက် မြို့ကြီး၊ ရေငံ စသည့် ရှမ်းပြည်နယ်ရှိ ဒေသများကို စစ်ကြောင်းဖြန့်ကာ တိုက်ခိုက်ရာ အောင်ပန်း၊ ကလောနှင့် မြင်းကြာဒိုး နယ်များသို့တိုင် ရောက်သည်။ သူသည် အထက် မြန်မာပြည်ရှိ ဂျပန်တပ်မများကို နေရာအနှံ့ ဖြန့်ကြက် တိုက်ခိုက်ခြင်းဖြင့် နာမည် ကြီးလာသည်။ ''ရဲဘော်တို့ ငါတို့ရဲ့ တာဝန်က ရန်သူကို အဆုံးတိုင် တိုက်ဖျက် ချေမှုန်းဖို့ပဲ။ ငါတို့က ရန်သူကို မချေမှုန်းရင် ရန်သူက ငါတို့ကို ချေမှုန်းမှာပဲ။ ဒီတော့ ရန်သူတိုက်လို့ သေရခြင်းထက် ငါတို့က ရန်သူကို သွားတိုက်ရင်း သေရခြင်းက ပိုပြီး မြတ်တယ်။ ဒါကြောင့် ရှေ့ကိုသာ ဆက်လက် တိုက်ခိုက်ရင်း အသေ ခံကြပါ။ နောက်ဆုတ်ခြင်းဖြင့် အသေ မခံကြပါနဲ့။ ရန်သူဟာ ကြောက်စရာ မကောင်းပါဘူး။ ငါတို့ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိတာသာ ကြောက်စရာ အကောင်းဆုံး ဖြစ်တယ်'' ဟု စစ်ချီတိုင်း၊ စစ်တိုက်တိုင်း ရဲဘော်များကို သူက ပြောသည်။
သူသည် စစ်ကို ကမူးရှူးထိုး တိုက်နေသူ အဖြစ် မြင်နိုင်သော်လည်း နိုင်ငံရေးအမြင် မရှိသူ မဟုတ်ပါ။ ၁၉၄၅ ခုနှစ်ဦးတွင် ရန်ကုန်မြို့တွင်း လျှို့ဝှက်စွာ ကျင်းပသော ဖက်ဆစ်တော်လှန်ရေး ကွန်ဖရင့်တွင် ပါတီ၏ စစ်ရေး ခေါင်းဆောင်တစ်ဦး အဖြစ် တက်ရောက်၍ တော်လှန်ရေး အစီအစဉ်များ ပြုလုပ်ရာ၌ အားကြိုးမာန်တက် ဆွေးနွေး ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဖက်ဆစ်ကို တိုက်ခိုက်သည့် လုပ်ငန်းသည် မြန်မာ့ လွတ်လပ်ရေး၏ အနှောင့်အယှက် ဟူသမျှကို ချေမှုန်းသည့် အလုပ်ဟု ခံယူသူ ဖြစ်သည်။
၁၉၄၅ ခုနှစ် မတ် ၈ ရက် တော်လှန်ရေး စသည်မှ တိုက်ပွဲများကို ရှေ့တန်းမှ မအိပ်မနေ ကွပ်ကဲခဲ့သော သူသည် ရှမ်းပြည်နယ် မီးမလောင် စခန်းတွင် ငှက်ဖျားရောဂါ ပြန်ထကာ ဝေဒနာ ခံစားရသည်။ သူသည် ငှက်ဖျားတက်လျက်နှင့်ပင် စစ်ချီ မပျက် ရှိခဲ့သည်။ သို့သော် အောင်ပန်းမြို့ တယ်လူးစခန်း ရောက်သောအခါ ငှက်ဖျားဖြင့် လဲသည်။ ဇွန် ၂ ရက်တွင် သူ၏ လွတ်လပ်ရေး တိုက်ပွဲဝင်မှု လုပ်ငန်းကြီးကို စွန့်ခွာ သွားရသည်။ သူသေခါနီးမှပင် တိုက်ပွဲ မှတ်တမ်းကို စစ်သည် တစ်ဦးအား ဖတ်ပြခိုင်း နေခဲ့သည်။
သူသေပြီးသော အခါ သူ့အကြောင်း စာအုပ်တစ်အုပ်ကို ဗိုလ်တိုက်စိုးက ရေးခဲ့သည်။ ထိုစာအုပ်တွင် သူ၏ တော်လှန်ခြင်း ခံရသူ ဗိုလ်ချုပ် အောင်ဆန်းက ဥယျောဇဉ် ရေးသားခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ဥယျောဇဉ်တွင်-
''ဗိုလ်ဗထူးသည် နာမည်နှင့် အထူး လိုက်မည့်သူ ဖြစ်သည်။ အကယ်၍ ၎င်းသာ ဆက်လက် အသက်ရှင် နေသေးပါမူ ၎င်းအတွက် ရှေ့တက်လမ်း များစွာ ရှိသည်ဟု ကျွန်ုပ် ယုံကြည်မိသည်။ သူသည် အကျင့် သိက္ခာရှိသည်။ ဥာဏ်ရှိသည်။ သတ္တိရှိသည်။ ဝီရိယရှိသည်။ သူ့ကို ကောင်းစွာ မြေတောင်မြှောက် ပေးလျှင် သူသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင်ပါ ကျော်ကြားနိုင်သော စစ်ခေါင်းဆောင်၊ စစ်သူရဲ ဖြစ်နိုင်၏။ သူသည် နိုင်ငံရေးဘက်တွင် များစွာ အတွေ့အကြုံ မရှိလင့်ကစား သူ့တွင် နိုင်ငံရေး သန္ဓေဥာဏ် ရှိသည်ဟု ကျွန်ုပ် ယူဆသည်။ အကယ်၍ အခွင့်အရေး ကောင်းစွာ ရပါမူ နိုင်ငံရေးတွင်လည်း စွမ်းစွမ်းတမံ ဖြစ်လာ နိုင်မည်ဟု ကျွန်ုပ် ထင်၏။ ဤမျှ အလားအလာ ရှိသော ဗိုလ်ဗထူးသည် ကျွန်ုပ်တို့နှင့် မရှိတော့ပြီ။
သူသည် ကမ္ဘာနှင့် အနှံ့အပြားတွင် အရေးပါ အရာရောက်လုဆဲ ဖြစ်သော အလုပ်သမား လူတန်းစားမှ ပေါ်ထွက် လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေး မရှိသော အလားအလာ ရှိသူ အများအပြား ပေါ်ထွက် စေနိုင်သော လွတ်လပ်ရေးကို အလို ရှိခဲ့သည်။ ရှိသည့် အတိုင်းလည်း လုပ်ခဲ့သည်။ စွန့်ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင် နစ်ခဲ့သည်။ အကယ်၍ သူ့ အစွမ်းသတ္တိများကို မဟာမိတ်များသည် သေချာစွာ တွေ့ကြုံရပါက အင်္ဂလိပ် စစ်တပ်တွင် သူရသတ္တိအတွက် အမြင့်ဆုံး (ဝိတိုရိယက ရောစ်ခေါ်) ဆုတံဆိပ်ကို ရမည်မှာ မလွဲဟု ထင်မိ တော့သည်။
အမှတ်(၄) အင်္ဂလိပ် တပ်မကြီးမှူး ဗိုလ်ချုပ်ကြီး မစ်ဆာဘီ ပြောပြချက်အရ ဆိုလျှင် ဗိုလ်မှူး ဗထူး၏ နာမည်နှင့် ဂုဏ်သတင်းကို လန်ဒန် ဂေဇက်တွင် ချီးကျူး ဖော်ပြမည်ဟု ပြောခဲ့သည်။ ဤမျှ စွန့်စား တိုက်ခိုက် ခဲ့သော ဗိုလ်ဗထူးသည် တိုက်ခိုက်ရာတွင် ဘာမှ မထိခိုက်ဘဲ ငှက်ဖျားရောဂါနှင့် ကျဆုံး ရသည်မှာ ရေတိမ်တွင် နစ်ခြင်းသာ ဖြစ်တော့သည်။ လွတ်လပ်သော မြန်မာနိုင်ငံကြီးတွင် ဗိုလ်ဗထူး ကဲ့သို့ စစ်သူရဲမျိုး ပေါ်ပေါက်ခဲ့မူ ဤကဲ့သို့ ရေတိမ်တွင် သေဆုံးခြင်းမျိုး ရှိမည် မဟုတ်ပေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အစွမ်းကုန် တော်သည့် ဆရာဝန်၊ အစွမ်းကုန် ကောင်းသည့် ဆေးများဖြင့် ကုသ ပေးပေလိမ့်မည်။ သို့သော် စစ်သူရဲများနှင့် အခြားနိုင်ငံ စစ်သူရဲများ အစရှိသည်တို့ကို ဆိုင်ရာဆိုင်ရာ စခန်းတွင် အစွမ်းကုန် နိုင်ငံနှင့် အစိုးရ၏ အကူအညီကို ရနိုင်သော လွတ်လပ်ရေးကို မျှော်မှန်းရင်း ဗိုလ်ဗထူး ကျဆုံးခဲ့ရ ရှာလေသည်။
ကျန်ရစ်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ အဖို့မှာမူ ဤ ဗိုလ်ဗထူးနှင့် အလားတူ ပုဂ္ဂိုလ်များ မျှော်မှန်း တောင့်တခဲ့၍ လက်ငင်းအားဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်နှင့်အမျှ နေထိုင်ရေး ကိုပါ မြှင့်တင် ပေးမည့် လွတ်လပ်ရေးကို အရယူခြင်း အားဖြင့်သာ ကျွန်ုပ်တို့၏ သူရဲကောင်းများကို ပူဇော်ခြင်း အစစ် မည်ပေ လိမ့်မည်။ ဗိုလ်ဗထူးသည် ၎င်း မကွယ်လွန်မီ သူ၏ လက်ရေးဖြင့် အောက်ပါ အစီရင်ခံစာကို ကျွန်ုပ်ထံ ပို့ခဲ့ လေသည်။''
ပုံ ၊အောင်ဆန်း
ဟူ၍ ရေးသား ချီးကျူးခဲ့သည်။
ဗိုလ်ဗထူးက ၎င်း၏ လက်ရေးဖြင့် ရေးသားပေးပို့ခဲ့သော အစီရင်ခံစာတွင် ၎င်း တော်လှန်ရေး မစမီ ၁၉၄၅ ခုနှစ် မတ် ၆ ရက် ၁ နာရီ အချိန်တွင် ဗိုလ်ချုပ်ထံသို့ အိန္ဒိယပြည် ဝါယာလက် စခန်းမှ တစ်ဆင့် ၁၉၄၅ ခုနှစ် မတ် ၈ ရက်တွင် စတင် တိုက်ခိုက်တော့မည်ကို အကြောင်း ကြားခဲ့ကြောင်း ပါရှိသည်။ ဗိုလ်ဗထူးက ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ကြောင်း ကြေညာခြင်းကြောင့် ဗိုလ်ချုပ်တို့ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် အောက်မြန်မာပြည် တော်လှန်ရေးကို မထိခိုက်တော့သည့် အပြင် ဂျပန်တပ်များ၏ ဒုတိယ အဆင့် ပြန်လည် တိုက်စစ်ဆင်ရန် စီမံထားသော စစ်ပရိယာယ်သည် လုံးဝ ပျက်စီးသွားကာ အရှုံးကြီး ရှုံးကြရသည်ဟု ဆိုသည်။ မဟာမိတ် တပ်များသည် ဗိုလ်ဗထူးတပ်ဖွဲ့၏ တော်လှန်မှုကို အခွင့်ကောင်းယူကာ အထက် မြန်မာပြည်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ဗိုလ်ချုပ် အောင်ဆန်းသည် စစ်မြေပြင် မင်းတုံးစခန်းမှ နေ၍ ဗိုလ်မှူး ဗထူးကို ဗိုလ်မှူးကြီး အဆင့်တိုးမြှင့် ခန့်ထားကြောင်း အမိန့်စာကို ထုတ်ပြန် ခဲ့သော်လည်း အဆက်အသွယ် ခက်ခဲခြင်းကြောင့် သူ ကျဆုံး သွားသည့်တိုင် သိ မသွားနိုင်ခဲ့ဟု ဆိုသည်။ သူပြောခဲ့သော ''ရန်သူဟာ ကြောက်စရာ မကောင်းဘူး။ ငါတို့ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိတာသာ ကြောက်စရာ အကောင်းဆုံး ဖြစ်တယ်..''ဟူသော စကားမှာ မြန်မာ တစ်မျိုးသားလုံး အတွက် မှတ်သားဖွယ်ရာ တစ်ခု အဖြစ် ထာဝရ တည်ရှိနေမည် ဖြစ်ပါသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment