Saturday, January 16, 2016

အစွန်းရောက်တို့၏အားပြိုင်မှုများ

အစွန်းရောက်တို့၏အားပြိုင်မှုများ ******************************* ( Messenger Journal ) . ဒုတိယကမ္ဘာစစ် ဝန်းကျင်ခန့်တွင် ကွန်မြူနစ်စနစ် အားကောင်းလာပြီး စစ်အေးခေတ်တစ်ခုလုံး အရင်းရှင်နှင့် ကွန်မြူနစ်တို့ အားပြိုင်ခဲ့ကြသည်၊ စစ်အေးလွန်တွင် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် ကမ္ဘာ ကြီးသည် ဝင်ရိုးတစ်ချောင်းတည်းပေါ်တွင်သာ လည်ပတ်တော့သည်၊ အရင်းရှင်စနစ်ကို ပြိုင်မည့်သူ မပေါ်နိုင် ခဲ့တော့ချေ။ သို့သော်လည်း အမေရိကန်တွင် အိုဘားမားအစိုးရဖြစ်ကာစ ၂ဝဝ၈-တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်လာသောအခါ အစိုးရမှ ဝင်ရောက်စွက်ဖက်လာခဲ့ရပြီး ကမ္ဘာ့ဘောဂဗေဒ ပညာရှင်ကြီး (၂) ဦး အားပြိုင်ခဲ့မှုကို ပြန်၍ မီးမောင်းထိုးပေးသလို ဖြစ်လာခဲ့၏၊။ Adam Smith ကို ဘောဂဗေဒပညာ၏ ခေါင်းကိုင်ဖခင်ဟု ကင်းပွန်းတပ်ခဲ့ကြပြီး သူ၏အယူအဆမှာ ဈေးကွက်ကို လွတ်လပ်စွာ လွှတ်ထားပေးသော သဘောတရား ဖြစ်သည်၊ အစိုးရများ၏ ဝင်ရောက်စွက်ဖက်မှုကို လက်မခံဘဲ ဈေးကွက်မှာပင်လျှင် မမြင်ရသော လက် (Invisible hand) က သူ့အလိုလို ထိန်းသိမ်းပေးသွားလိမ့်မည်ဟု ဆိုသည်၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ကြုံတိုင်း ဈေးကွက်က မတ်မတ်မရပ်နိုင်အောင် အမူးလွန်တော့၏၊ အစိုးရများကသာ ဝင်ရောက်စွက်ဖက်၍ ပြန်လည်ပြုစု ပျိုးထောင်ကြရသည်၊ အစိုးရများ၏ ဝင်ရောက်စွက်ဖက်မှုကို ရှိသင့်သည်ဟု ယူဆသော သဘော တရားကို လက်ခံသူမှာ အင်္ဂလိပ်လူမျိုး ဘော၈ဗေဒပညာရှင်ကြီး John Maynard Keynes ဖြစ်သည်၊ ကမ္ဘာ့ စီးပွားရေးတွင် Two schools of thoughts ဟူ၍ အားပြိုင်ခဲ့သည်၊ "Smith Vs Keynes" ဟုလည်း အမည်သတ်မှတ်သည်။ (၄. ၁. ၁၆) တွင် ကမ္ဘာ့ရှယ်ယာဈေးကွက်များ ထိုးကျလာခဲ့သည်၊ တရုတ်ပြည်၏ ယွမ်ငွေတန်ဖိုး လျော့ချလိုက်၏။ အနောက်ကမ္ဘာ၏ ရှယ်ယာဈေးကွက်သို့လည်း သက်ရောက်မှုက ရှိနေပြန်သည်၊ မြောက်ကိုရီးယားကလည်း ဟိုက်ဒရိုဂျင်အဏုမြူဗုံးကို အောင်မြင်စွာ စမ်းသပ်ပြလိုက်ပြီး၊ အရှေ့အလယ်ပိုင်း တွင်လည်း အကြမ်းဖက်များကို ရုရှားက ချေမှုန်းနေသည်၊ ထို့ပြင် ဆွန်နီ-ရှီးအိုက်များ၏ တိုက်ခိုက်မှုကလည်း ကြီးကြီးမားမား ပြင်းထန်လာပြန်သည်၊ တရုတ်စီးပွားရေးတိုးတက်မှု့က (၇. ၅%) ကို အနိုင်နိုင်ဖြစ်လာပြီး၊ အနောက်ကမ္ဘာ စီးပွားရေးကလည်း များစွာ အားမကောင်းနိုင်ခဲ့၊ ဆီးရီးယားအခြေခံစစ်ပွဲတွင် ငါးနိုင်ငံထက်ပို၍ ပါဝင်လာခဲ့ သဖြင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တတိယကမ္ဘာစစ်ပွဲဟု ယူဆနိုင်ကြောင်း သတိပေးထားရာ အကြောင်းများစွာသည် အနှုတ်သဘောဖြင့် တိုက်ဆိုင်လာ၍ ကမ္ဘာစီးပွားရေးကို ထိပါးလာပါတော့သည်၊ . ဈေးကွက်အစွန်းရောက်ဝါဒ ***************************. မည်သည့်နေရာတွင်မှ အစွန်းရောက်ခြင်းသည် မကောင်းလှတတ်၊ ၂ဝဝ၈-ကမ္ဘာ့စီးပွားရေး အကျပ် အတည်းကို အမေရိကန်ရှိ Subprime Market မှ စတင်သည်၊ Subprime Market ဆိုသည်မှာ ချေးငွေ သတ်မှတ်ချက်စံချိန်စံညွှန်းကို တစ်ဆင့်လျော့ထားပေးထားသော ဈေးကွက်ဖြစ်သည်၊ စွန့်စားမှုရှိသည်၊ အတိုး နှုန်းပိုသည်၊ အပြိုင်အဆိုင်ချေးငှားကြရာမှ နောက်ဆုံး ပြန်မဆပ်နိုင်ကြဘဲ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားခြင်း ဖြစ်သည်၊ ကမ္ဘာ့နာမည်ကြီး ကော်ပိုရေးရှင်းကြီးများ ပြိုလဲသွားသည်၊ အချို့ဒေဝါလီ ခံလိုက်ကြရသည်၊ ဈေးကွက် အစွန်းရောက်ခဲ့သောကြောင့် ဖြစ်သည်၊ (Market Fundamentalism) ဟုခေါ်သည်၊ ဤတွင် ဈေးကွက်သည် ကိုယ့်အမှားကိုယ်ပြင် (Self-correcting) လုပ်နိုင်-မလုပ်နိုင်ဟူသော မေးခွန်းက Adam Smith ၏ အယူအဆကို ထိပါးစေပါတော့သည်၊ ကိုယ့်ကျိုးစီးပွားရပ်တည်မှု ကြီးမား ကြသောအခါ အားလုံးက ကိုယ့်အမှားကိုယ် မပြင်နိုင်ကြတော့၊ အကျိုးအမြတ် ဦးအောင်သာ အမြတ်ထုတ်ကြ တော့သည်၊ ဈေးကွက်အတွင်းရှိနေသူ Market Participants များအားလုံး လောဘနောက် ကောက်ကောက် ပါလိုက်ကြသဖြင့် အစွန်းရောက်ခဲ့ကြခြင်း ဖြစ်သည်၊ စစ်တမ်းများအရ (၁၉၇ဝ) မှ (၂ဝဝ၈) ဟူသော (၃၈) နှစ် တာကာလအတွင်း ကမ္ဘာ့အကျပ်အတည်းအပါအဝင် အကျပ်အတည်းအရွယ်အစားအမျိုးမျိုး (၁၂၉) ကြိမ် ဖြစ်ခဲ့သည်ဟု ဆိုသည်၊ လောလောဆယ် (၂ဝ၁၆) ခုနှစ်-နှစ်ဦး၌ ဖြစ်လာနိုင်ဖွယ်ရာရှိသည့် အကျပ်အတည်း၏ အတိမ်အနက်ကို မည်သည့်ပညာရှင်တို့ကမှ ယနေ့ ဆောင်းပါးရေးချိန်အထိ မခန့်မှန်းကြသေး၊ သို့သော်လည်း ကမ္ဘာကျော် Hedge Fund သူကြွယ်ကြီး George Soros ကမူ အမေရိကန်လူမျိုးများဘက်မှ ငွေထုတ်၍ ရွှေဝယ်ပါဟုတော့ ပြောလာသည်ကို ဖတ်လိုက်ရသည်။ . . ပြတ်သားတဲ့ပူတင် ****************** ဆီးရီးယားကို အမေရိကန်အပါအဝင် အနောက်အုပ်စုမှ တိုက်ခိုက်လာပါက ကြီးမားသော စစ်ဆင် ရေးကို ဆင်နွှဲရန် ရုရှားစစ်တပ်ကို ပူတင်က ကြိုတင် အမိန့်ထုတ်လိုက်သည်၊ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်မျိုး ဖြစ်၏။ ၁၉၆ဝ-ဝန်းကျင် J.F Kennedy သမ္မတလက်ထက် ကျူးဘားတွင် ဖြန့်ကျက်ရန် ဒုံးပျံတင်ဆောင်လာသော ရုရှားသင်္ဘောကို နယ်နိမိတ်စည်းတား၍ ထိုစည်းမှကျော်လျှင် စစ်တိုက်ရန် အမေရိကန်သမ္မတ ကနေဒီ အမိန့် ပေးခဲ့ဖူး၏။ နှစ်ပေါင်း ငါးဆယ်ကျော်သောအခါ ရုရှားက အမေရိကန်ကို ယခုကဲ့သို့ ရဲရဲစိန်ခေါ်လိုက်ခြင်း ဖြစ် သည်၊ ထို့ပြင် ကမ္ဘာကျော်သွားခဲ့သော ၉/၁၁ တိုက်ခိုက်မှုနှင့်ပတ်သက်၍လည်း ကမ္ဘာ့ကုန်သွယ်ရေးညီနောင် အဆောက်အဦးကို အမေရိကန်အစိုးရကိုယ်တိုင် CIA နှင့်တွဲဖက်၍ အကွက်ချစီမံခဲ့ခြင်းဖြစ်သည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ကနဦး ထုတ်ဖော်ထားသည်၊ လိုအပ်လျှင် အသေးစိတ် ထုတ်ဖော်သွားမည်ဖြစ်ပြီး သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိထားနေပြီး ဖြစ်ပါသည်ဟုလည်း ဆိုထားသည်၊ ထူးဆန်းသည်မှာ အမေရိကန်ဘက်မှ ငြင်းချက်မထုတ်ခြင်း ဖြစ်သည်၊ ကမ္ဘာ့ကုန်သွယ်ရေးညီနောက်အဆောက်အဦး ပြိုကျပုံမှာ အလွန်တရာ စနစ်ကျကျ မိုင်းများတပ်ဆင်၍ ဖြိုဖျက်မှုပုံစံဖြစ်နေပြီး၊ လေယာဉ်တိုက်၍ ပြိုကျသောပုံစံမျိုး မဟုတ်ပါဟုလည်း အဆောက်အဦးကျွမ်းကျင်သူ ပညာရှင်များအဖွဲ့ကလည်း ဆိုထားပြန်သည်ကို တွေ့ရသည်။ အမေရိကန်သည် အရင်းရှင်အုပ်စုကို ဦးဆောင်နေသောနိုင်ငံဖြစ်ပြီး၊ ရုရှားကမူ ကွန်မြူနစ်အုပ်စုကို ဦးဆောင်နေသောနိုင်ငံ ဖြစ်သည်၊ ပူတင်လက်ထက်တွင် အစိတ်စိတ်အမြွာမြွာ ကွဲကြေခဲ့သော ရုရှားကို ပြန်လည် စုစည်းခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာ အတော်များများတွင် အနောက်အုပ်စုနှင့် ထိပ်တိုက်တွေ့နေသူ ဖြစ်သည်။ အမေရိကန်၏ နေရာတကာ ပါဝင်ပတ်သက်မှုကို ငြီးငွေ့လာသော အိန္ဒိယ၊ တရုတ်တို့က ရုရှားဘက် ရပ်တည်ကြသည်၊ မြောက်ကိုရီးယားကလည်း ရုရှားဘက် ရပ်ပေးသည်၊ ယခင်က များစွာနီးစပ်ခဲ့ပြီး အကြမ်းဖက်ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားမတိုက်ဆိုင်တော့သော ပါကစ္စတန်သို့ အိန္ဒိယက သွားရောက် လည်ပတ်ပြလိုက်ခြင်းသည် အမေရိကန်အတွက် နောက်ထပ် ဆူးတစ်ဆူး ဖြစ်လာစေခဲ့သည်။ ကမ္ဘာကြီးသည် စစ်ရေးနှင့် နိုင်ငံရေးအရ ကြီးကြီးမားမား အားပြိုင်မှုလမ်းကြောင်းပေါ်သို့ ရောက် လာခဲ့ပြီ၊ စစ်ရေးအရလည်း အရှေ့အလယ်ပိုင်းဒေသများစွာတွင် စစ်မီးကရှိနေဆဲဖြစ်၍ ဤတင်းမာမှုမှတဆင့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဟု သုံးသပ်နိုင်ပါသည်၊ . . ကမ္ဘာမကြေသော ဆွန်နီ-ရှီးအိုက် ******************************** မိုဟာမက်လွန်မှစခဲ့သော ဆွန်နီ-ရှီးအိုက် အားပြိုင်မှုက တစ်ကျော့ပြန် အထွတ်အထိပ် ရောက်လုဆဲ ဟုဆိုရပေမည်။ ဆော်ဒီတွင်ရှိသော ရှီးအိုက်မွတ်စလင် (၄၇) ဦးကို တစ်နေ့တည်း သေဒဏ်ပေးခဲ့သဖြင့် အီရန်ရှိ ဆော်ဒီသံရုံး မီးရှို့ခံလိုက်ရသည်၊ အီရန်ရှိ ရှီးအိုက် ဘာသာရေးခေါင်းဆောင် (မိုဟာမက်ဟူဆင်) က တစ်ကမ္ဘာ လုံးရှိ ဆွန်နီများကို တိုက်ခိုက်သွားရန် ရှီးအိုက်များကို ဆော်ဩလိုက်သည်။ ရှီးအိုက် ဘာသာရေးခေါင်းဆောင် ကို ဆော်ဒီက ကွပ်မျက်မှုနှင့်ပတ်သက်ပြီး အီရန်ခေါင်းဆောင် (အယာတိုလာအလီခိုမေနီ) က ဆော်ဒီသည် အကြမ်းဖက် IS များ ကျင့်သုံးနေသောဝါဒနှင့် အတူတူဖြစ်ပြီး အီရန်နှင့် ဆော်ဒီတို့သည် ထိုနေ့မှစ၍ ရန်သူ ဖြစ်သွားပြီဆိုသည့်သဘောကို သွယ်ဝိုက်ပြသခဲ့လိုက်သည်၊ ဆော်ဒီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်၏။ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး (အယ်ဂျူဘီယာ) က အီရန် သံတမန်များကို ဆော်ဒီနိုင်ငံ အတွင်းမှ (၄၈) နာရီအတွင်း ထွက်ခွာသွားရန် အမိန့်ပေးလိုက်သည်။ အီရတ်နိုင်ငံ ဘက္ကဒတ်မြို့တော်တွင်လည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက ဆော်ဒီ သံရုံး ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြပြန်သည်။ ရှီးအိုက် ဘာသာရေးခေါင်းဆောင်ကို ကွပ်မျက်ခဲ့မှုသည် ဆော်ဒီ-အီရန်အကြားသာမက အီရတ်အထိ ပျံ့နှံ့လာခဲ့ပြီး မကြာမီမှာလည်း အခြားနိုင်ငံများသို့ ပျံ့နှံ့သွားရန်ရှိနေသည် ဟု လေ့လာသူများက သတိပေးထားပါ၏။ အကြမ်းဖက်များကို နှိမ်နင်းရန်ဟူသော အကြောင်းပြချက်ဖြင့် ဆီးရီးယားတွင် အမေရိကန် အပါအဝင် နေတိုးအုပ်စုက IS တို့ကို တိုက်ခိုက်ခဲ့ကြပါသော်လည်း များစွာ မထိရောက်ခဲ့၊ ဆီးရီးယားသမ္မတ အာဆတ်ဖြုတ်ချရေး ကြိုးပမ်းလာသည့်အခါ ပူတင် ပါဝင်ပတ်သက်လာရတော့သည်၊ IS တို့ကို တစ်ပတ်အတွင်း ခေါင်းမထောင်နိုင်အောင် သိသာစွာ ပူတင်က တိုက်ခိုက်ပြခဲ့၏။ တူရကီက ရုရှားတိုက်လေယာဉ်ကို ပစ်ချသည်၊ စစ်ပွဲကျယ်ပြန့်သွားပြီး ရုရှားက သူ၏နောက်ဆုံးပေါ် (S-300) (S-400) များကို ဖြန့်ကျက်လိုက်သည်၊ အရှေ့ အလယ်ပိုင်းစစ်ရေး များစွာ တင်းမာသွားတော့၏။ ဤကြားကာလတွင် ဆွန်နီ-ရှီးအိုက်တို့က ပြဿနာ ကြီးကြီး မားမား ဖြစ်လာခဲ့ပြန်သည်၊ ဂျာမနီ၊ အင်္ဂလန်တို့တွင်လည်း အစ္စလာမ္မစ်ဆန့်ကျင်ရေးကို ခပ်ပြင်းပြင်း ဆောင်ရွက်နေကြသည်ကို တွေ့ရသည်၊ မျိုးချစ်ဥရောပသားများ (ဂျာမနီ) က German Patriotic Europeans Against the Islamization the West ဟူ၍ တည်ထောင်ခဲ့ပြီး PEGIDA (UK) ကိုလည်း ဖွဲ့စည်းပြီး ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်၊ ကမ္ဘာ့အရေးအခင်းများ တင်းမာနေဆဲတွင် တောင်တရုတ်ပင်လယ်တွင်း ကျွန်းတု တည်ဆောက်နေ သောနေရာသို့ တရုတ်စစ်လေယာဉ်အချို့ ဆင်းသက်ခဲ့သည်ကို အမေရိကန်က ကောင်းကင်ဓာတ်ပုံရိုက်၍ ကန့်ကွက်ခဲ့ပြန်သည်၊ တစ်ပြိုင်နက်ထဲမှာပင် မြောက်ကိုရီးယားကလည်း ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲပြခြင်းဖြင့် အဏုမြူဗုံးပိုင်ရှင် ဖြစ်လာပြီဖြစ်ကြောင်း ကမ္ဘာကြီးသို့ ပြသလိုက်ပြန်၏။ ကမ္ဘာ့အရေးအရာများစွာမှာ ကြီးကြီးမားမား အားပြိုင်မှုများနှင့် ကြုံတွေ့နေရပါ၏။ အရှေ့အလယ် ပိုင်းသည်လည်း စစ်ဖြစ်ဆဲကာလဖြစ်သဖြင့် အချိန်မရွေး ပေါက်ကွဲကာ စစ်မီးများ ကူးသွားနိုင်ခွင့် ရှိနေပါသည်၊ ထို့ပြင် အကြမ်းဖက်သမားများအနေဖြင့် နောက်တစ်ကြိမ်ပစ်မှတ်မှာ အမေရိကန်နှင့် အင်္ဂလိပ်တို့၏ လူစည်ကား ရာနေရာဖြစ်လိမ့်မည်ဟု ကြွေးကြော်ထားပြန်ရာ … ကမ္ဘာကြီးသည် မီးပုံးအလယ်က ယမ်းအိုးကြီးထဲ ရောက်နေ သကဲ့သို့ ဖြစ်နေပြီလားဟု မေးရတော့မလိုအခြေအနေ ဖြစ်နေပါတော့သည်။ နေဇင်လတ် ၇-၁-၂ဝ၁၆

No comments: