Saturday, January 16, 2016

ငြိမ်းချမ်းပါစေမြန်မာပြည် ---------------------------

ငြိမ်းချမ်းပါစေမြန်မာပြည် --------------------------- နေပြည်တော်တွင် ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် အစိုးရ သို့မဟုတ် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား အနှစ်ခြောက်ဆယ်ခန့် ဖြစ်ပွားနေသော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အရေးကြီးသော အဆင့်တစ်ဆင့်ဟု ဆိုနိုင်သည်။ ယခုညီလာခံသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ကိုပါ ဖိတ်ကြားထားသည့်အပြင် အဖွင့်မိန့်ခွန်းများပါ အသီးသီး ပြောကြားကြခြင်းကြောင့် ထူးခြားပြီး မှတ်တမ်းတင်ရမည့် ညီလာခံလည်း ဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာလက ကျင်းပခဲ့သည့် NCA ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခြင်း မရှိခဲ့သည့်အပြင် အသိသက်သေအဖြစ် ကမ်းလှမ်းခြင်းကိုပါ လက်မခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပါ ပြောကြားခဲ့ခြင်းမှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ “ထာဝရ ငြိမ်းချမ်းရေးအတွက် တာဝန်ထမ်းဆောင်ရန် အဆင့်သင့်ဖြစ်နေပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်မှာ NCA လက်မှတ်ထိုးပွဲ ကျင်းပချိန်သည် ပြည်သူလူထုထံမှ တရားဝင် အာဏာအပ်နှင်းခံရသူ မဟုတ်သေးသည့်အတွက် တရားဝင် တာဝန်မယူနိုင်သေးသောကြောင့် မတက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယခုညီလာခံ ကျင်းပသော အချိန်တွင်မူ ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင် ဖြစ်နေသည့်အတွက် တရားဝင် တာဝန်ထမ်းဆောင်နိုင်ခြင်းကြောင့် တက်ရောက်ခြင်းဖြစ်သည် ဟူသော အဓိပ္ပာယ်မျိုးလည်း ကောက်ယူနိုင်ပေသည်။ ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မိန့်ခွန်းပါ တရားဥပဒေစိုးမိုးမှုနှင့် ငြိမ်းချမ်းရေး အချိတ်အဆက်၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ လေးစားမှု၊ ယုံကြည်မှု၊ မျှတစွာ ပြောဆိုဆက်ဆံမှု၊ ရိုးသားပွင့်လင်းမှု၊ စိတ်ရင်းစေတနာ မှန်ကန်မှု၊ လုပ်နည်းလုပ်ဟန် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် အသာစီး ရရှိစေရန် ကြိုးစားအားထုတ်နေကြလျှင် လမ်းချော်သွားနိုင်ကြောင်း ပြောဆိုချက်မှာ ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် များစွာကျိုးကြောင်းဆီလျော်မှု ရှိလှသည်ကို တွေ့ရသည်။ ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော်၏ စိတ်ရင်းစေတနာ အမှန်ကို ဖော်ပြသော စကားရပ်များအပြင် တိုင်းရင်းသား လက်နက်ကိုင်များ တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုပါက ဖိတ်ခေါ်ကြောင်း ပြောဆိုချက်မှာ များစွာအံ့အားသင့်ဖွယ်၊ ချီးကျူးအသိအမှတ်ပြုဖွယ် ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အားတက်ရွှင်လန်းဖွယ် မှတ်တမ်းတင်ရမည် ဖြစ်သည်။ ကရင်အမျိုးအသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းနှစ်သွယ်အနက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မီးမောင်းထိုးကာ အထူးပြု ထည့်သွင်းပြောဆိုသွားခြင်းမှာ များစွာအလေးအနက်ပြု လက်ခံစဉ်းစားသင့်သော အချက်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရပါမူ လက်ရှိကျင်းပနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ရာစုနှစ်ဝက်ကျော်အကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သော ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများကို အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံကာ မြန်မာ့နိုင်ငံရေးနယ်ပယ် အတွင်းမှ ငြိမ်းချမ်းရေးနှင့် အဓိက သက်ဆိုင်တာဝန်ရှိသူ Stakeholder များ၊ အဓိက နိုင်ငံရေးခေါင်းဆောင်များ အကြား ပွင့်လင်းရိုးဖြောင့်စွာ၊ စေတနာမှန်စွာ ဆွေးနွေးညှိနှိုင်းပြီး ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိရန် နောက်ထပ် လှေကားတစ်ထစ် ဆက်လက်တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်အပ်ပေသည်။ အယ်ဒီတာ (၁၃-၁-၂၀၁၆) ---------------------------------- Editorial, The Voice Weekly Vol-11/No-52 (#voiceeditorial)

No comments: