Saturday, January 9, 2016

ရန်ကုန်မြို့ရှိ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၊၂၀၁၀ ပြည့်နှစ်က စံချိန်တင် အချိန်အကြာဆုံး မီးလောင်မှု ဖြစ်စဉ်ပြီးနောက် ကြီးမားသည့် မီးလောင်မှုဖြစ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို ဇန်န၀ါရီ ၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်၊ ကြည်နိုင်၊ ငြိမ်းကို၊ အောင်မျိုးသန့်)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို ဇန်န၀ါရီ ၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်၊ ကြည်နိုင်၊ ငြိမ်းကို၊ အောင်မျိုးသန့်)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်မှစ၍ မီ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုမီးလောင်မှုသည် ၂၀၁၀ ပြည့်နှစ် မေလအတွင်းက မင်္ဂလာဈေးတွင် လောင်ကျွမ်းခဲ့သော မီးလောင်မှု ဖြစ်စဉ်အပြီး ကြီးမားသည့် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ် အသေးစိတ်အား မသိရှိရသေးသော်လည်း မင်္ဂလာဈေး စတုတ္ထထပ်တွင် လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုပမာဏမှာ ပိုမိုများပြားလာကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးလောင်မှုပမာဏ ကြီးမားသော ယခု မီးလောင်မှုဖြစ်စဉ်ကို Level 5 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်နေရကြောင်း သတင်းထုတ်ပြန်ထားသည်။

“မီးက တအားများနေတယ်။ မီးသတ်တွေက ငြှိမ်းနေတုန်းပဲ။ မနိုင်သေးဘူး။ နံနက် နှစ်နာရီခွဲလောက်ကစပြီး မီးလောင်ပေါက်ကွဲ သံတွေတောက်လျှောက် ကြားနေရတယ်။ မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းနေတုန်းပါပဲ” ဟု အဆိုပါဖြစ်စဉ်အား သတင်းရယူနေသော Eleven Media Group သတင်းထောက် ကိုဥာဏ်ဝင်းရှိန်က ဇန်န၀ါရီ ၉ ရက် နံနက် ၃ နာရီခန့်က ပြောပါသည်။
နံနက် ၃ နာရီကျော်အချိန်ထိ မီးညွှန့်မကျိုးဘဲ အခြားအထပ်များသို့ ဆက်လက်ကူးစက် လောင်ကျွမ်းနေကြောင်း သိရသည်။
အဆိုပါ မင်္ဂလာဈေးတွင် ၂၀၁၀ ပြည့်နှစ် မေလ ၂၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးပြီး စတင်လောင်ကျွမ်းစဉ်မှ မီးငြှိမ်းသတ်နိုင်သည်အထိ နာရီ ၅၀ ၀န်းကျင်အထိ အချိန်ကြာမြင့်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး မီးလောင်မှု ဖြစ်စဉ်များအနက် အချိန်အကြာဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုစဉ်က မီးလောင်မှုမှာ မင်္ဂလာဈေး စတုတ္ထထပ်မှစတင် လောင်ကျွမ်းကာ ဂတ်စ်အိုးများထားရာ ပဉ္စမထပ်သို့ မီးကူးသွားသဖြင့် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments: