Friday, January 15, 2016

လာမည့်ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး အအေးပေါ့မည်

ဇန်န၀ါရီ ၁၆ရက်မှစ ၍ တစ်နိုင်ငံလုံးတွင် အအေးပေါ့လာမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၀ ရက်၌ ယခင်နှစ်များအတိုင်းပုံမှန်အပူချိန်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ဇန်န၀ါရီ ၂ရက်က မြန်မာ နိုင်ငံသို့ စတင်ဝင်ရောက်လာ သည့် တရုတ်နိုင်ငံဘက်မှ လေဖိ အားများရပ်ဝန်းနှင့်အတူပါလာ သော လေအေးများကြောင့်တစ် နိုင်ငံလုံး၌ အပူချိန်များလျော့ကျလာပြီး အအေးပိုလာခဲ့သည်။ အချို့ နေရာများတွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များထိ ရောက် ရှိခဲ့သည်။ လက်ရှိတွင် အဆိုပါ လေဖိအားများရပ်ဝန်းမှ သက် ရောက်မှုများသည် လာမည့်နှစ် ရက်၊ သုံးရက်အတွင်းစတင်ပျက် ပြယ်နိုင်မည်ဟု ခန့်မှန်းခြင်းဖြစ် ကြောင်း ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးကျော်မိုးဦးကပြောသည်။
‘‘ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ မှာတုန်းက မအေးခဲ့ဘူး။ ဇန်န၀ါရီ ရောက်မှရုတ်တရက်အေးလာ တာကြောင့်ရယ်၊ ပြီးခဲ့တဲ့ ၂၀၁၄၊ ၂၀၁၅တုန်းက ဆောင်းတွင်းမ အေးတာတွေရယ်ကြောင့် ဒီနှစ်က ပိုပြီးအေးနေသလိုဖြစ်နေတာပါ။ ပုံမှန်ဇန်န၀ါရီမှာ ရှိတတ်တဲ့ အ ပူချိန်ထက်တော့ အများကြီးပိုမ လျော့ပါဘူး။ တချို့နေရာတွေ တော့ နည်းနည်းလေးတော့ ပို လျော့တာပေါ့’’ဟု ၎င်းကပြော သည်။
အဆိုပါလေဖိအားများရပ် ၀န်းမှ လာသည့်လေအေးများသည် ဟိမ၀န္တာရှိ ရေခဲတောင်များမှ ဖြတ်သန်းလာသည့်လေအေးများဖြစ်ကာအအေးပိုလာခြင်းဖြစ် ကြောင်း ဦးကျော်မိုးဦးကပြော သည်။ မိုးဇလ၏ ဇန်န၀ါရီ ၁၄ ရက် ထုတ်ပြန်ချက်အရ ညအပူ ချိန်များသည် ဟားခါးမြို့တွင်အနှုတ် ၃ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့တွင် အနှုတ် ၁ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ နမ့်စမ်မြို့နှင့် လွိုင်လင်မြို့တို့တွင် ၂ဒီဂရီစင်တီဂရိတ်၊ဟဲဟိုးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၃ဒီဂရီစင်တီဂရိတ်တို့ရှိ သည်။
ဇန်န၀ါရီ ၁၃ရက်က ရမည်း သင်းမိုးလေ၀သစခန်း စခန်းဖွင့် လှစ်သည့်နှစ်မှစ၍ ၅၂နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်ဖြစ် သည့် ၇ဒီဂရီစင်တီဂရိတ်(၄၄ဒသ မ ၆ဒီဂရီဖာရင်ဟိုက်)သို့ရောက်ရှိ ခဲ့သည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၁၅ဇန်န၀ါရီ ၁၁ရက်က ၈ဒီဂရီ စင်တီဂရိတ်(၄၆ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)ဖြစ်သည်။
သို့သော် တောင်ပိုင်းဒေသများတွင်မူ ဇန်န၀ါရီလ ၂၂ရက်မှ ဇန်န၀ါရီလကုန်အထိ ညအပူချိန်များလျော့နည်းပြီး အနည်းငယ်အေးလာနိုင်ကြောင်း မိုးဇလကထုတ်ပြန်သည်။

No comments: