Friday, January 15, 2016

ရေဘေးသင့် ချင်းပြည်နယ်တွင် ရေရှားမှု ကြုံတွေ့နေ

ရေကြီး မြေပြိုခဲ့သည့် ဟားခါးမြို့တစ်နေရာ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ချင်းပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားပြီးနောက် ရေထွက်အရင်းအမြစ်များ ပိုမိုရှား ပါးလာပြီး အဆိုးရွားဆုံးရေရှားမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရေရှားနေခြင်းသည် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုအနက်ဟားခါး၌ အဆိုးရွားဆုံးဖြစ်ပြီး ပူပြင်းလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနိန်နိုင်က ပြောသည်။
‘‘အခုဟားခါးမြို့ထဲမှာ ကား နဲ့ ခပ်ရောင်းတယ်။ လှည်းနဲ့ ခပ် ရောင်းနေကြတယ်။ ရှေ့ဆက် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ ရော၊ ရာသီဥတုကလည်း အယ်လ်နီညိုကြောင့် ရေရှားတာရော ပိုဆိုးလာမယ်’’ဟု ၎င်းကပြောသည်။
ပြည်နယ်အစိုးရသည် မီးသတ်ယာဉ်များနှင့် ရေကန်များကို ရေဖြည့်ပြီး အစိုးရရုံးများ၊ ၀န်ထမ်း အိမ်ရာနှင့် ဒုက္ခသည်စခန်းများသို့ ဖြန့်ဝေပေးနိုင်သော်လည်း ပြည်သူလူထုကို မဖြန့်ပေးနိုင်ကြောင်း ဦး နိန်နိုင်းက ပြောသည်။

မတူပီမြို့တွင် ရေရှားပါးမှု ကြောင့် ရေကိုဝယ်ယူသုံးစွဲနေရ ပြီး လိုသလောက်ဝယ်ယူရန် မလွယ်ကူကြောင်း ဒေသခံများက ပြောသည်။ ရေရှားပါးခြင်းသည် နှစ်စဉ်ဖြစ်လေ့ရှိသော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် ရေရှားပါးမှု ပိုစောခဲ့ကြောင်း ရေရှားပါးမှုများအတွက် အစိုးရကတစ်စုံတစ်ရာအကူအညီပေးခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၂၀၁၅ ဇူလိုင်နှင့် သြဂုတ် များအတွင်း မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် ချင်းပြည်နယ်နေ ရာအနှံ့အပြားတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါမြေပြိုမှု ကြောင့် နေအိမ်များ၊ လမ်းတံတားများ ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံး မှုတန်ဖိုး ကျပ် ၃ဒသမ၈ ဘီလီယံရှိပြီဖြစ်ကြောင်း ပြည်နယ်အစိုးရထံ မှ သတင်းရရှိသည်။
ထို့အတူ တီးတိန်မြို့နယ်အ တွင်း ကျေးရွာအချို့၌လည်း တွင်းရေများခန်းခြောက်ပြီး ချောင်းရေများလည်း ရေကြီးချိန်မှစ၍ မကြည်လင်သဖြင့် သောက်ရေ အခက်အခဲဖြစ်နေကြောင်း ဒေသ ခံများက ပြောသည်။
‘‘အရင်တုန်းက သွယ်ပေး ထားတဲ့ ရေပိုက်တွေက မြေပြိုတဲ့ အထဲပါသွားတယ်။ အခုအနီးနား က တွင်းရေကို သုံးနေရတယ်’’ ဟု တီးတိန်မြို့နယ်မှ ဒေသခံတစ် ဦးက ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် ဟားခါး၊ တီးတိန်နှင့် မတူပီမြို့များသို့ ရေပေးဝေရေးအတွက် အစီ အစဉ်များ ရေးဆွဲထားပြီး တီးတိန် နှင့် မတူပီမြို့များတွင် တင်ဒါ အောင်ထားသည့် ကုမ္ပဏီများ သည် အကောင်အထည်မဖော်နိုင်သေးသောကြောင့် ယခုနှစ်ကုန်မှ သာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ဝန်ကြီးက ပြော သည်။
ချင်းပြည်နယ်အတွင်း ရေ ရှားရခြင်းမှာ မြို့နှင့် ကျေးရွာများ သည် တောင်ထိပ်များပေါ်တွင် တည်ရှိနေသောကြောင့် ရေသွယ် ရန်နှင့် ရေအရင်းအမြစ်ရှာဖွေရန် ခက်ခဲရကြောင်းနှင့် ရေသွယ်ရန် ရေအရင်းအမြစ်တစ်ခုသည် နှစ်ရက်မှသုံးရက်အတွင်း ကွယ်ပျောက်နိုင်ကာတာရှည်ခံမည့် ရေအရင်းအမြစ်ရှာဖွေရန် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များလိုအပ်နေကြောင်း ၎င်းကပြောကြားသည်။

No comments: