ကျဉ်စက်ဖြင့် ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင် နှစ်ဦး အရေးယူခံရ
ရန်ကုန်၊ ဇန်နဝါရီ ၆
သာကေတမြို့နယ်၊ ၁၀၈ တောင် ဘုရားလမ်းရှေ့တွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁
နာရီခွဲက လမ်းပိတ် ရပ်ထားသည့် ခရီးသည်တင်ဒိုင်နာယာဉ်ကို ဖမ်းဆီးအရေးယူခဲ့ရာ
ခရီးသည်ယာဉ်မောင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်သဖြင့် ကျဉ်စက်ဖြင့်
ဖမ်းဆီးခဲ့သော ရဲတပ်သားနှစ်ဦးကို ကျဉ်စက်ဖြင့် ဖမ်းဆီးခံရသူက
အမှုဖွင့်ထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၊
အမှတ်(၁၆၈) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ဦးစိုးမိုးအောင်
မောင်းနှင်လာသော ယာဉ်လိုင်းအမှတ် ၁၀၆(အနီ) ခရီးသည်တင် ဒိုင်နာယာဉ်မှာ
သန်လျင်တံတား ချဉ်းကပ်လမ်း ၁၀၈ တောင် ဘုရားလမ်းရှေ့တွင် အချိန်ကြာမြင့်စွာ
ရပ်နားထားသဖြင့် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်နေသော ယာဉ်ထိန်း
ရဲတပ်ဖွဲ့စု(၃၇) မှ တပ်သား ညီညီဌေးက ယာဉ်မောင်း၏ လိုင်စင်သိမ်းကာ ဖမ်းဆီး
အရေးယူခဲ့စဉ် ယာဉ်မောင်းက ထိုးကြိတ် ရန်ပြုခဲ့ကြောင်း သာကေတ မြို့မ
ရဲစခန်းထံမှ သိရှိရသည်။
“လမ်းလယ်ခေါင် ကားပိတ်ရပ်ထားလို့
နောက်ကားတွေ သွားလို့ရအောင် ရှေ့နည်းနည်း တိုးရပ်ပေးဖို့
တပ်ဖွဲ့ဝင်တစ်ယောက်က အကြိမ်ကြိမ် ပြောခဲ့တယ်၊ ဒါပေမဲ့ ယာဉ်မောင်းက
မလိုက်နာဘဲ ကားစက်ရပ်ပြီး လမ်းမဖယ်ပေးဘဲ ဆက်ရပ်နေလို့ ယာဉ်မောင်း လိုင်စင်
တောင်းခဲ့တာ ၊ လိုင်စင်တောင်းတဲ့ ရဲကို အင်္ကျီဆောင့် ဆွဲပြီး ယာဉ်မောင်းက
ထိုးကြိတ်နေလို့ ဘေးနားက တပ်ဖွဲ့ဝင်တွေက ကျဉ်စက်နဲ့ ယာဉ်မောင်းကို
ဝင်ဖမ်းတာ”ဟု ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်မောင်း၏ ခိုက်ရန်ပြုမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၃၇)မှ
ရဲတပ်သား ညီညီဌေးမှာ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူကို
ဖမ်းဆီးကာ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်
စစ်ဆေး ခဲ့ကြောင်း၊ အလားတူ ယာဉ်မောင်းအမျိုးသားက ကျဉ်စက်ဖြင့်
ဝိုင်းဖမ်းဆီးခဲ့သည့် တပ်သားနှစ်ဦးကို ပြစ်မှုပုဒ်မ ၃၂၅။၁၁၄ ဖြင့် ပြန်လည်
အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ကျင်စက်နဲ့ ဖမ်းဆီးခံရသူက
တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ဦးကို
အမှုဖွင့်ခဲ့ပေမယ့် တာဝန်ရှိ ပြည်သူ့ဝန်ထမ်းကိုဒဏ်ရာရအောင် သူက အရင်ပြုခဲ့တာ
၊ ဥပဒေအရ မိမိအသက် အန္တရာယ်ကို ခုခံ ကာကွယ်ခွင့်ရှိပါတယ်၊
ကျဉ်စက်အသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုချက်နဲ့ တပ်ဖွဲ့ဝင်တွေက
အသုံးပြုနေတာပါ၊ တရားခွင်မှာ အပြစ်မရှိကြောင်း သက်သေ ခိုင်လုံစွာ
တင်ပြမှာပါ ”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၃၇)မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
တရားခံ ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ကြောရှင်းလင်းရေး
ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့တွင်
ဖမ်းဆီးခံရသူများက တုတ်၊ ဓားလက်နက် များဖြင့် ရန်ပြုခဲ့သဖြင့်
တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရခဲ့ပြီး အချို့မှာ သေဆုံးခဲ့သောကြောင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် တာဝန်ထမ်းဆောင်နေသည့်
တပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ကာကွယ်နိုင်ရန် ကျဉ်စက်များ အသုံးပြုခွင့်ကို
၂၀၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ခွင့်ပြုခဲ့ကြောင်း ရဲအသိုင်းအဝိုင်း ထံမှ
စုံစမ်းသိရှိရသည်
No comments:
Post a Comment