Monday, January 18, 2016

သပိတ်ကျင်းမြို့နယ် ဒူးဆစ်ချောင်းကျေးရွာအနီး ကျပ်သိန်းရာချီကျောက်မျက်များ ထွက်ရှိမှုကြောင့် လာရောက်တူးဖော်သူမြင့်တက် ---------------------------------

သပိတ်ကျင်းမြို့နယ် ဒူးဆစ်ချောင်းကျေးရွာအနီး ကျပ်သိန်းရာချီကျောက်မျက်များ ထွက်ရှိမှုကြောင့် လာရောက်တူးဖော်သူမြင့်တက် ----------------------------------------------------- သပိတ်ကျင်း၊ဇန်နဝါရီ - ၁၇ အဖိုးတန်ရတနာများထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာအုပ်စုအတွင်းရှိ ဒူးဆစ်ချောင်းကျေးရွာ အနီးတွင် ကျပ်သိန်းရာချီတန်သည့်ကျောက်မျက်များ ထွက်ရှိသည်ဟုဆိုကာ ဒေသမျိုးစုံမှ ကျောက်မျက်လာရောက်တူးဖော်နေသူ များပြားလျက်ရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “ဒေသအစုံက လာတူးနေကြတာပဲ။ ကျွန်တော်သိရသလောက်ကတော့ ဒီအနီးအနား ကျေးရွာတွေရယ် မိုးကုတ်၊မန္တလေး၊ရွှေကူ၊ ပခုက္ကူစတဲ့ နယ်စုံကနေ လာရောက် တူးဖော် နေကြတယ်”ဟု ဒူးဆစ်ချောင်းကျေးရွာ ဆယ်အိမ်စုမှူး ဦးညိုမောင်က ဆိုသည်။ ယင်းနေရာမှ ထွက်ရှိသောအဖိုးတန်ကျောက်မျက်ရတနာများမှာ အညံ့စိမ်း၊ ဂေါ်မိတ်နှင့် ဒေသအခေါ်အပူပိုင်း ပတ္တမြား၊နီလာများဖြစ်ပြီး လက်ရှိဇန်နဝါရီလဆန်းပိုင်းမှစတင်၍ နယ်စုံမှလာရောက် တူးဖော်နေသူ တစ်ထောင်ဦးဝန်းကျင်ခန့်ထိရှိကြောင်း အဆိုပါ တူးဖော်နေသူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါတူးဖော်ရရှိသော ကျောက်မျက်များကို မိုးကုတ်၊မန္တလေးနှင့်ရန်ကုန်မြို့ကြီးများမှ ကျောက်ကုန်သည်ကြီးများ လာရောက်ဝယ်ယူလျက်ရှိခြင်းကြောင့် ယင်းသို့တူးဖော်သူ ပိုများလာခြင်းဖြစ်ကြောင်း ဦးညိုမောင်က ထပ်လောင်းပြောကြားသည်။ “အဓိကတော့ ဂေါ်မိတ်အမျိုးအစားနဲ့အညံ့စိမ်းကိုပဲ ရှာဖွေမှုများပါတယ်။ မနှစ်ကတော့ အညံ့စိမ်း ၂၇ ကလပ် အရိုင်းတစ်ပွင့်ကို ဆယ့်ရှစ်သိန်း တစ်ပွင့်နဲ့ ၃၈ ကလပ် အရိုင်းတစ်ပွင့် ရှစ်ဆယ့်ငါးသိန်းတစ်ပွင့် ရောင်းစားခဲ့ဖူးတယ်”ဟု ၄င်းက ထပ်မံဆိုသည်။ ယင်းမြေတွင် အဖိုးတန်ကျောက်မျက်ရတနာထွက်ရှိသည်ဟုဆိုသော သတင်းစကားများအရ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် သူငယ်ချင်းများစုပေါင်းကာ လာရောက်တူးဖော်နေခြင်းဖြစ်ကြောင်း ရွှေကူမြို့နယ်မှ လာရောက်တူးဖော်နေသည့် ဒေသခံတစ်ဦးက ပြောကြားသည်။ “ကျွန်တော့်အဖွဲ့ အားလုံးပေါင်း ၁၅ယောက်လောက် လာတူးနေကြတာပါ။ရောက်တာကတော့ တစ်လလောက်ရှိတော့မယ် ။လောလောဆယ်တော့ ထမင်းစား ကျောက်လောက်ပဲ တွေ့သေးတယ်၊။ကျောက်မျက်ရတနာဆိုတာကလည်း အခု မတွေ့သေးပေမယ့် ခဏနေတွေ့ချင်တွေ့တတ်တဲ့သဘောရှိတော့ ဆက်ပြီး ကြိုးစား ရှာဖွေသွားမယ်”ဟု ရွှေကူမြို့နယ်အတွင်းမှ လာရောက်တူးဖော်နေသည့် ဦးစိုင်းနောင်က ဆိုသည်။ ယင်းသို့ အဖိုးတန် ကျောက်မျက်ရတနာများ မကြာခဏထွက်ရှိခြင်းကြောင့် ဒေသတွင်းရှိ လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ပြေလည်မှုများ ရရှိနေကြောင်း လေးမိုင်ကံသာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင် မောင်ဇော်က သုံးသပ်ပြောကြားသည်။ “အခုတူးလို့ရတဲ့ အကြီးဆုံးကျောက်တစ်ပွင့်က ကလပ်ရှစ်ဆယ်ကျော် ကိုးဆယ်လောက် အရွယ်ဆိုရင် သိန်းနှစ်ရာကျော် သုံးရာလောက် ရောင်းစားနေကြတယ်လို့ သိရတယ်။ ကျန်တာကတော့ သေးရင်သေးသလို ဆယ်ပိုင်းလေးတွေ သောင်းပိုင်းလေးတွေ သိန်းပိုင်းလေးတွေ တော်တော်များများ ရကြတော့ လူတွေအတော်များများ အဆင်ပြေ ပါတယ်။အခုလောလောဆယ် ကျွန်တော်သိရလောက်ဆိုရင် ရာပိုင်းရရှိတဲ့သူ လေးငါး၊ဆယ်ဦးလောက်ရှိပါတယ်”ဟု ¤င်း က ရှင်းပြသည်။ ယင်းသို့ အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိနေသဖြင့် ဒေသစုံမှ တစ်နိုင်တစ်ပိုင် လာရောက်တူးဖော်နေကြခြင်းကို သက်ဆိုင်ရာက တားဆီးပိတ်ပင်ခြင်း မပြုသေးသည့် အတွက် လာရောက်တူးဖော်သူများက ကျေးဇူးတင်ရမည်ဖြစ်ကြောင်း အဆိုပါ တူးဖော်သူများက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်အတွင်းကလည်း သပိတ်ကျင်းမြို့နယ် အုံးဇုံးအုပ်စု ဇရပ်ကွင်းကျေးရွာနှင့် ကျောက်ဖျာကျေးရွာအကြား မန္တလေး-မိုးကုတ်ကားလမ်းဘေး မိုင်တိုင်အမှတ် ၇၃/၇၄ အနီးတွင် ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများ တွေ့ရှိခြင်းကြောင့် လာရောက်တူးဖော်မှုများရှိခဲ့သည်။

No comments: