မြန်မာနှစ်ဦးလွတ်မြောက်ရေးဆန္ဒပြမှုများသည် နိုင်ငံရေးဆူပူအောင်လုပ်ဆောင်နေခြင်းမဟုတ်ဟု ဦးပါမောက္ခမိန့်ကြား
ရန်ကုန်၊ဇန်နဝါရရီ၂
မြန်မာနှစ်ဦးလွတ်မြောက်ရေးဆန္ဒပြမှုများသည် မြန်မာနိုင်ငံရေးဆူပူအောင်လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဦးဆောင်ဆရာတော် ဦးပါမောက္ခကမိန့်ကြားသည်။
ဇန်နဝါရီလ၂ရက်နေ့ နေ့လည်၁နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ပြုလုပ်သော လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သတ်ကာ အမှုမှန်ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ဟောပြောပွဲ၌ ယင်းကဲ့သို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးအပြောင်းအလဲဖြစ်မှာဆိုးလို့၊ စစ်အုပ်ချုပ်မှုဖြစ်သွားအောင်လို့ဆူပူအောင် ဘုန်းကြီးတို့လုပ်နေတာမဟုတ်ဘူး၊ ဒီနေရာကနေသစ္စာဆိုရဲပါတယ်၊ အဲလိုရည်ရွယ်ချက်တွေလုံးဝမပါဘူး၊ နောက်အစိုးရတက်မှာဆိုးလို့ ဒီလိုမျိုးတွေလုပ်နေတာလည်းမဟုတ်ဘူး၊ လူမျိုးအပေါ်မှာချစ်မြတ်နိုးတန်ဖိုးထားလို့လုပ်နေတာ”ဟု ဆရာတော်ဦးပါမောက္ခကမိန့်ကြားခဲ့သည်။
ထို့နောက်ဆန္ဒပြမှုများ၏နောက်ကွယ်တွင် မည်သည့်ထောက်ပံ့မှုမျိုး တစ်စုံတစ်ယောက်ဆီကမှယူထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါဆန္ဒပြမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် အမျိုးသားရေးလှုပ်ရှားသူများကို ဆဲဆိုနေမှုများရှိနေသောကြောင့် ပြန်လည်တုံ့ပြန်ရန် (မဘသ)ဆရာတော်ဦးပါမောက္ခက မိန့်ကြားခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ၂၆ရက်နေ့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ကာ ဗိုလ်စိန်မှန်ကွင်းတွင် ပထအကြိမ်ပြုလုပ်သော မြန်မာနှစ်ဦးလွတ်မြောက်ရေးဆန္ဒထုတ်ဖော်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
“ဆန္ဒပြတောင်းဆိုနေတာက ဘုန်းကြီးတို့နိုင်ငံခြားရောက်မြန်မာလူမျိုးတွေအတွက်ဖြစ်တယ်၊ ဒီကိစ္စတစ်ခုတည်းနဲ့ တခြားမြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ် ထပ်မံ မတရားပြုကျင့်မှာကို ဘုန်းကြီးတို့ မလိုလားဘူး၊ ဒီအမှုက မတရားခံရတာ၊ သက်သေခိုင်လုံမှုလည်းမရှိ၊ DNA စစ်ဆေးတော့လည်း မတူဘူးဆိုတော့ အမှုမှန်ပေါ်ပေါက်ဖို့လိုလားပါတယ် ”ဟု ဆရာတော်အရှင်ကဉ္စနောဘာသကမိန့်ကြားသည်။
အဆိုပါဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးညီနောင်များအင်အားစုအဖွဲ့နှင့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တို့က လူအင်အား၁၀၀ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက်ဒီဇင်ဘာလ၂ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဗိုလ်စိန်မှန်ကွင်းတွင် ဟောပြောပွဲပြုလုပ်ကာ ညနေ၄နာရီခန့်တွင် ရန်ကုန်မြို့ဒဂုံမြို့နယ်မနော်ဟရီလမ်းရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
ဒီဇင်ဘာလ၁ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယကဦးတင်ဦးနှင့် မဘသဦးဆောင်ဆရာတော်တို့တွေ့ဆုံစဉ်က မဘသ၏လုပ်ရပ်များသည် NLDပါတီ၏နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်နစ်နာပါကအချိန်မရွေးပြောကြားနိုင်ကြောင်း ဆရာတော်များကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့်ဝင်းဇော်ထွန်းကို ထိုင်းနိုင်ငံကော့စမွီတရားရုံးက ဒီဇင်ဘာလ၂၄ရက်နေ့က သေဒဏ်ချမှတ်သည်။
ထို့သို့သေဒဏ်ချမှတ်ခဲ့သည်ကို တရားမျှတမှုမရှိဟုဆိုကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒပြတောင်းဆိုမှုများ နေ့စဉ်ပြုလုပ်လျက်ရှိသည်။
the voice
No comments:
Post a Comment