Sunday, January 3, 2016

မန္တလေး-မူဆယ်ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ တရားမဝင်ကျောက်စိမ်းများ ဖမ်းမိ

မန္တလေး-မူဆယ်ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ တရားမဝင်ကျောက်စိမ်းများ ဖမ်းမိ

မန္တလေး၊ ဇန်နဝါရီ -၂

တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေးကော်မတီကို ဖျက်သိမ်းအပြီး သုံးရက်ခန့်အကြာ ဇန်နဝါရီလ ၁ ရက်နေ့က မန္တလေး- မူဆယ် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျောက်စိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မန္တလေး-ပြင်ဦးလွင် အတက်လမ်းကြော ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ည ၈ နာရီခန့်က ချစ်မင်းခန့်အမည်ရှိ ခရီးသည်တင်ကား ခရီးသည်ထိုင်ခုံအောက်တွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသော ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ယာဉ်အားရပ်တန့်စစ်ဆေးစဉ်တွင် ယာဉ်မောင်းကထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်လိုက်ကိုသာ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိသောကျောက်စိမ်း အရေအတွက်နှင့်တန်ဖိုးကိုလည်း စစ်ဆေးဆဲဖြစ်ကြောင်း ယင်းမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့လည်း အဲလိုဖြစ်ခဲ့တယ်လို့တော့ ကြားထားပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဘယ်သူမှန်း ကျွန်တော်တို့လည်း မသိဘူး။ ကျွန်တော်တို့ကဂိတ်ကနေ ခရီးသည်တွေအတွက် ဝန်ဆောင်မှုပဲပေးတာ။ကားတွေကတော့ သူ့ပိုင်ရှင်နဲ့သူပဲဆိုတော့ ကျွန်တော်တို့လည်းမသိဘူး”ဟု ချစ်မင်းခန့်ယာဉ်လိုင်း ဂိတ်မှူးကပြောဆိုသည်။

တရားမဝင်ကျောက်စိမ်းများဖမ်းဆီးရမိမှုများသည် ခရီးသည်တင်ယာဉ်များတွင်လည်းဖြစ်ပေါ်ဖူးပြီး ခရီးသည်များကသယ်ဆောင်သည်များရှိသကဲ့သို့ ယာဉ်မောင်းများက သယ်ဆောင်သည်များလည်းရှိကာ ယခုအမှုတွင် မည်သူသယ်ဆောင်သည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်အတွက် ယာဉ်နောက်လိုက် ဦးထူးကိုကို (၃၈ နှစ်)နှင့် ယာဉ်မောင်း(စုံစမ်းဆဲ)တို့ကို (ပ)၁/၂၀၁၆၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)အရ အုန်းချောရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

No comments: