ခုခံကျရောဂါခံစားနေရသူများကို ယခုနှစ်တွင် ART ဆေးပေးနည်းအသစ်ဖြင့်ကုသမည်
မိတ္ထီလာ၊ဇန်နဝါရီ၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အမျိုးသားခုခံကျနှင့် ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် (NAP)နှင့် INGO အဖွဲ့တစ်ခုဖြစ်သော The Union တို့ပူးပေါင်း၍ မြန်မာပြည်တစ်ဝန်း ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများကို ART ဆေးများဖြင့်ကုသမှုပေးလျက်ရှိရာ ၂၀၁၆ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ညွှန်ကြားမှုဖြင့်ဆေးပေးနည်းအသစ် (PerPEP) ဖြင့် ကုသရေးနှင့်ရောဂါပြန့်ပွားမှုတားဆီးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မိတ္ထီလာခုတင် ၂၀၀ဆံ့ခရိုင်ဆေးရုံကြီးမှ ခုခံကျနှင့်ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအေးအေးကျော်ကပြောကြားသည်။
"၂၀၁၆မှာ HIV အန္တရာယ်မကင်းတဲ့ ဦးတည်အုပ်စုတွေဖြစ်တဲ့ ပြည့်တန်ဆာ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူ၊ ရွှေ့ပြောင်းသွားလာသူတွေကို ပိုးတွေ့တာနဲ့ဆေးပေးတော့မယ်။ အရင်တုံးကတော့ CD4 ၅၀၀ အောက်မှပေးတာ။ အခုမဟုတ်တော့ဘူး။ စောစောတွေ့ရင် စောစောကုပေးမယ်။ နောက်တစ်ဦးကိုမကူးအောင် ကာကွယ်နည်းပဲ။ နောက်တစ်ခုက ၂၀၁၅စက်တင်ဘာမှာ (WHO) က ပြဋ္ဌာန်းခဲ့တာကိုလိုက်နာရတော့မယ်။ ဥပမာ စုံတွဲတစ်တွဲမှာတစ်ယောက်ပိုးတွေ့ရင် ကျန်တဲ့သူကိုပါဆေးတိုက်ကျွေးရတော့မယ်။ ပိုးတွေ့တဲ့သူကိုဆေးသုံးမျိုးတိုက်ရင် မတွေ့သေးတဲ့သူကိုဆေးနှစ်မျိုး (သို့မဟုတ်) တစ်မျိုးတိုက်မယ်" ဟု ၎င်းကရှင်းပြသည်။
မိတ္ထီလာမြို့ရှိ ခုတင်၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံတစ်ဝန်းလုံးမှလာရောက်သော ခုခံအားကျဆင်းမှုရောဂါကူးစက်ခံရသူများကို ART ဆေးများအခမဲ့တိုက်ကျွေးလျက်ရှိရာ မိတ္ထီလာမြို့နယ်မှ လူကြီး၁၂၉၇ဦး၊ ကလေး၁၄၃ဦး၊ ပျော်ဘွယ်မြို့နယ်မှ၂၇၄ဦး၊ သာစည်မြို့နယ်မှ၁၀၀ဦးနှင့် ဝမ်းတွင်းမြို့နယ်မှ ၅၅ဦးရှိကြောင်း ယင်းဆေးရုံမှတ်တမ်းအရသိရသည်။
ယခင်ကလူနာအားလုံးကို မိတ္ထီလာဆေးရုံတွင်သာ ART ဆေးများပေးခဲ့သော်လည်း လူနာများအဆင်ပြေစေရန် ဆေးသောက်ပြီးခြောက်လအကြာတွင် အခြေအနေကောင်းသူများကို သက်ဆိုင်ရာမြို့နယ်ဆေးရုံများမှတစ်ဆင့် ART ဆေးပေးဝေလျက်ရှိကြောင်း၊ ကလေးလူနာအားလုံးကိုမူ မိတ္ထီလာဆေးရုံကြီး၏ ခုခံကျနှင့်ကာလသားရောဂါတိုက်ဖျက်ရေးဌာနတွင်သာ အနီးကပ်ကုသပေးကြောင်း အဆိုပါဌာနရှိ တာဝန်ကျဆရာဝန်များကပြောဆိုသည်။
the voice
No comments:
Post a Comment