Wednesday, January 6, 2016

ကုန်ကျစရိတ်မတတ်နိုင်၍ ကြံ့ခိုင်ရေးပါတီရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လွှာမတင်တော့ဟု ကိုးကန့်ပါတီဆို

ကုန်ကျစရိတ်မတတ်နိုင်၍ ကြံ့ခိုင်ရေးပါတီရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လွှာမတင်တော့ဟု ကိုးကန့်ပါတီဆို
ရန်ကုန်၊ဇန်နဝါရီ၅
ရွေးကောက်ပွဲကန့်ကွက်လွှာအမှု တင်သွင်းသူကျခံရမည့်ကုန်ကျစရိတ်များကို မတတ်နိုင်သောကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်လွှာမတင်သွင်းခြင်းဖြစ်ကြောင်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဦးမြင့်ခိုင်ကပြောကြားသည်။
မူလက ကိုးကန့်ဒေသတွင်ယှဉ်ပြိုင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအပေါ် ကန့်ကွက်လွှာတင်သွင်းရန်အတွက် ရှေ့နေငှားရမ်းဆောင်ရွက်ခဲ့သော်လည်း ဒီဇင်ဘာလနောက်ဆုံးအပတ်အတွင်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီရုံးချုပ်တည်ရှိရာ လောက်ကိုင်မြို့တွင် အစည်းအဝေးခေါ်ယူပြီးနောက် ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးရှိ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လွှာတင်သွင်းမည်ဖြစ်သောကြောင့် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းစုစုပေါင်းခုနှစ်ယောက်က ကန့်ကွက်လွှာခုနှစ်မှုတင်သွင်းရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ကန့်ကွက်လွှာအမှုနှင့် ရှေ့နေငှားခများစုပေါင်းပါက ပါတီမှကျခံနိုင်ခြင်းမရှိကြောင်း ဦးမြင့်ခိုင်ကဆိုသည်။
“ကျွန်တော်တို့ကန့်ကွက်မယ်ဆိုရင် တစ်ယောက်ကိုငါးသိန်းကုန်ကျမယ်၊ ပြီးရင်ရှေ့နေငှားခလည်းကုန်မယ်ဆိုတော့ တစ်ယောက်ကိုသိန်းနှစ်ဆယ်ကျော် သုံးဆယ်လောက်ကုန်မယ်၊ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်လွှာအမှုကို ခုနှစ်ယောက်တင်မှာဆိုတော့ တွက်ကြည့်ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယင်းဒေသအတွင်းရှိ မဲဆန္ဒနယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ နှစ်ပါတီသာယှဉ်ပြိုင်ခဲ့သည်။
သို့သော်လည်း ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကိုးကန့်ဒေသအတွင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်များရှိ မဲရုံဧရိယာများအနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အမှတ်တံဆိပ်ပါအင်္ကျီများ၊ ဦးထုပ်များဝတ်ဆင်ပြီး စည်းရုံးရေးဆင်းခဲ့သောကြောင့် ယင်းမဲဆန္ဒနယ်များတွင်ယှဉ်ပြိုင်သော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများက ကန့်ကွက်လွှာအမှုတင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သောရွေးကောက်ပွဲရလဒ်များအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည်။

No comments: