Wednesday, August 5, 2015

မီးရထားလမ်း၊ ကားလမ်းများ ပြု ပြင်ဆောင်ရွက် ================================

မီးရထားလမ်း၊ ကားလမ်းများ ပြု ပြင်ဆောင်ရွက် ================================ စစ်ကိုင်း သြဂုတ် ၄ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၆ ရက်မှစတင်ပြီး မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်တို့၌ ရေကြီးရေလျှံခြင်းတို့ကြောင့် မီးရထားလမ်း၊ ကားလမ်း များ ရေကျော်ပျက်စီးခဲ့သည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းတစ်ရပ်အနေဖြင့် ရထားလမ်း၊ ကားလမ်းပေါ် တွင် ပျက်စီးနေသော လမ်းပိုင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင် ၁၆ ရက်မှစတင်၍ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မြေပြိုမှု သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့ရာ အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ကောလင်း-ကန့်ဘလူလမ်းပိုင်း၊ ကံကြီးနှင့် ဇော်ချောင်းကြားရှိ သံတံတားသည် ရေတိုက်စားသွားသဖြင့် ကောလင်း-ကန့် ဘလူလမ်းပိုင်း ရထားများပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရပြီး ဒေသအသီးသီးမှ ခရီးသွား ပြည်သူများအနေဖြင့် ဇူလိုင် ၂၉ ရက်မှစ၍ ကောလင်း-မြစ်ကြီးနားလမ်းပိုင်း ကို ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး ကောလင်းဘူတာနှင့် ကန့်ဘလူဘူတာ ကြား သွားလာရေးအဆင်ပြေစေရန် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက RTC မော်တော်ယာဉ်ငါးစီးဖြင့် ခရီးသည်တစ်ဦးလျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။ မြန်မာ့မီးရထား တိုင်း(၂)နယ်မြေ ကံကြီး-ဇော်ချောင်းဘူတာလမ်းပိုင်းမှ တံတားနှင့် ကောလင်း-ကိုးထောင်ဘို့ဘူတာကြား ယာယီဘေလီတံတား အစားထိုးခြင်းနှင့် တံတားအမှတ် ၂၈၁ နှင့် ၂၈၂ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ရာ မကြာမီပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးဘက်ခြမ်းတွင် အလျားပေ ၈ဝ၊ တာပေါင်အမြင့် ပေ ၂ဝ ပြတ်တောက်သွားပြီး မြစ်ကြီးနားဘက်ခြမ်းတွင် အလျားပေ ၁၂ဝ၊ တာပေါင် အမြင့် ပေ ၂ဝ ပြတ်တောက်သွားကြောင်း သိရသည်။ ဇူလိုင် ၂၈ ရက်က မော်လူး-နန့်စီးအောင်လမ်းပိုင်း၊ ပင်ဝယ်-မော်လူးဘူတာလမ်းပိုင်း ရထားလမ်း များ ပြန်လည်ကောင်းမွန်လာရေးအတွက် ကျောက်ချခြင်း၊ ဇလီဖားတုံးများ ဖြည့်တင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကိုကိုညိမ်း(ကောလင်း)

No comments: