မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 2, 2015
ရေကြီးနစ်မြုပ် ရထားလမ်းပိုင်းများ ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိ ====================
ရေကြီးနစ်မြုပ် ရထားလမ်းပိုင်းများ ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိ
==============================================
နေပြည်တော် သြဂုတ် ၁
မြန်မာ့မီးရထား တိုင်းအမှတ် (၁ဝ) ဂန့်ဂေါ-ကလေးရထားလမ်းပိုင်း၊ နတ်ချောင်းနှင့် ကလေးဘူတာကြား မိုင်တိုင် (၇၁ဝ/၂၂-၂၃)ရှိ တံတားအမှတ် (၁၂၃ဝ)၏ ကလေးဘက်၊ ကမ်းကပ်ခုံ၊ ဂန့်ဂေါဘက်သို့ ယိုင်လဲပြီး မိုင်တိုင် (၇၁ဝ/၂၃) မှ (၇၁၁/၇)အထိ ရထားလမ်းရေတိုက်စားနေခြင်း၊ ရေ တစ်ပေ နှင့် ခြောက်လက်မခန့် သံလမ်းပေါ်ရေကျော်နေခြင်း၊ တာပခုံးများပျက်စီးနေ ခြင်းများကြောင့် နတ်ချောင်း-ကလေးလမ်းပိုင်းကို ဇူလိုင် ၃ဝ ရက် နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် ပိတ်ထားခဲ့ရပြီး အမှတ်(၁/၁ဝဝ၃) အဆန်နှင့် အမှတ် (၁ဝဝ၁) အဆန် ခရီးတိုရထား နှစ်စီးကို နတ်ချောင်းဘူတာ၌ ဆိုင်းငံ့ရပ်ထား ခဲ့သည်။
အလားတူ ကလေး-ဂန့်ဂေါလမ်းပိုင်း၊ စည်းဟောင်-မှန်တော ဘူတာကြား မိုင်တိုင်(၆၈၇/၁ဝ-၁၁)ရှိ မြောင်းချောင်းတံတား(၁၁၁၇)၊ PR(2) ၊ (၃) ရေလယ်တိုင် ရေတိုက်စားမျောပါခြင်း၊ ဂါဒါများရေထဲပြုတ်ကျမျောပါခြင်း၊ ဂန့်ဂေါဘက် တာပေါင်ရေတိုက်စားမှုဖြစ်ခြင်းများကြောင့် စည်းဟောင်- မှန်တော ရထားလမ်းပိုင်းကို ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီခွဲတွင် ပိတ်ထား ခဲ့သည်။
ထို့အပြင် ဇူလိုင် ၃ဝ ရက် နံနက် ၉ နာရီခွဲတွင် မင်းဘူး-သရက်လမ်းပိုင်း၊ လက်ပန်နှင့် ကြာကန်ဘူတာကြား မိုင်တိုင်(၂၉၅/၁၃-၁၂) ၌ အလျား ပေ ၆ဝ၊ အနံ ခြောက်ပေ၊ အနက် ခြောက်ပေခန့် တာပေါင်မြေသားများ မရှိခြင်း၊ သံလမ်းနှင့် ကွန်ကရစ်ဇလီဖားများ တွဲလောင်းကျနေခြင်းကို မြန်မာ့ မီးရထားလမ်းပိုင်း စစ်ဆေးရေးအဖွဲ့က အချိန်မီသိရှိခဲ့ပြီး မင်းဘူး(၂) အစုန် ရထားကို အန္တရာယ်ကင်းစွာရပ်တန့်စေနိုင်ခဲ့သည်။ အဆိုပါရထားကို တူလူရပ်စခန်းသို့ နောက်ပြန်ဆုတ်ခဲ့ရပြီး ရထားပေါ်ပါခရီးသည်များအား အမှတ်(၁၉၉/၂ဝဝ)RBE ရထားသို့ ကူးပြောင်းပို့ဆောင်ရန် စီစဉ်ပေးခဲ့သည်။
အလားတူ မိုင်တိုင် (၂၉၁/၁၂-၁၃)ကြားနှင့် (၂၉၅/၁၁-၁၃)ကြား နေရာများ၌ တောင်ကျချောင်းရေတိုက်စားပြီး အလျား ပေ ၄ဝ၊ အနံ ပေ ၄ဝ၊ အနက် ပေ၂ဝ ခန့် ရေတိုက်စားမှုဖြစ်ပွားခြင်းကို အင်ဂျင်နီယာ(သံလမ်း/ မင်းဘူး)နှင့် လုပ်သား ၂ဝ တို့က ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
တောင်တွင်းကြီး-မကွေးလမ်းပိုင်း၊ ယင်းသာစည်နှင့် ထန်းပင်စမ်းကြား၊ မိုင်တိုင်(၃ဝ၈/၁၃-၁၇)ရှိ တံတားအမှတ်(၆၂)၌ ဇူလိုင် ၃၁ ရက် နံနက်က တာပေါင်ရေတိုက်စားမှုဖြစ်ပေါ်ခြင်းကို အင်ဂျင်နီယာ (သံလမ်း/မကွေး)နှင့်အဖွဲ့က အချိန်မီပြုပြင်ပြီးစီးခဲ့သဖြင့် ရထားလမ်းပိုင်းပိတ်ရခြင်းမရှိ ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းနစ်မြုပ်မှုများကြောင့် ပျက်စီး သွားခဲ့သော ရထားလမ်းပိုင်းများ၊ တံတားများကို မြန်မာ့မီးရထား တာဝန်ရှိ သူများက အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၂)နယ်မြေ ရေဦး-ချမ်းသာကြား မိုင်တိုင် (၅၁၂/၃-၄) ရှိ တံတား အမှတ်(၂၅၉)၌ ဇလီဖားထပ်ခွေလုပ်ငန်းနှင့် ၃၈ ပေWain Bean နှင့်Rail Girder ကို ပြန်လည်စစ်ဆေးခြင်း၊ ချဉ်းကပ်လမ်းနှစ်ဖက်ကို ကြံ့ခိုင်အောင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အမှတ်(၅၉) အဆန်ရထား စက်ခေါင်းDD 949 နှင့် တွဲ သုံးတွဲဖြင့် စမ်းသပ်မောင်းနှင်ခဲ့ရာ အဆင်ပြေစွာ ဖြတ်သန်းမောင်းနှင်နိုင်ပြီဖြစ်သဖြင့် ရေဦး-ချမ်းသာ ရထား လမ်းပိုင်းကို ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ပခုက္ကူ-ကျောသာလမ်းပိုင်း ကျောသာ-ခေါင်းပေါင်းဘူတာကြား၌ ကျောက်ရောမြေနှင့် ကျောက်တုံးကြီးများပြိုကျခြင်းကို အင်ဂျင်နီယာ (သံလမ်း)နှင့် လုပ်သားများအဖွဲ့က ဘက်ဟိုးဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရာ ဇူလိုင် ၃ဝ ရက် ညနေ ၄ နာရီ ၂၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားများ ပုံမှန် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment