Sunday, August 2, 2015

နိုင်ငံတစ်ဝန်း သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို အစွမ်းကုန်ကူညီမည် =========================

နိုင်ငံတစ်ဝန်း သဘာဝဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို အစွမ်းကုန်ကူညီမည် ===================================== ကလေး သြဂုတ် ၁ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးမြတ်ဟိန်း၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့်ထွက်ခွာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးလေဆိပ်သို့ ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင် များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ က ကြိုဆိုကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) အောင်ဇေယျ ရိပ်သာ အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီး ဦးအောင်ဇော်ဦး၊ ကလေး ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူး နှင့် မြို့မိမြို့ဖတစ်ဦးတို့က ကလေး ခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုအခြေ အနေများနှင့် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ဆောင်ရွက် ရမည့် လုပ်ငန်းများကို အသေးစိတ် မှာကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ အမှတ်(၁)ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ အမှတ်(၂) ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အတွင်းရှိ အမှတ်(၃) ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း အတွင်းရှိ အမှတ်(၄) ရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း အတွင်းရှိ အမှတ်(၅) ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး သင့် ပြည်သူများအား ကြည့်ရှုအားပေး ပြီး ကလေးမြို့ ကလေးဝလမ်းရှိ အထွေထွေရောဂါကုဆေးရုံကြီးအနီး ရေကြီးရေလျှံနေမှုအား ကြည့်ရှုသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင်လည်း ကောင်း၊ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးရာတွင် လည်းကောင်း၊ နိုင်ငံတော်သမ္မတက ပြောကြားရာ တွင် ကလေးခရိုင်အတွင်း နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း မကြုံစဖူး ရေလွှမ်း မိုးမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းကြောင့် မိမိကိုယ်တိုင် လာရောက်ကူညီ အားပေးခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ရက်တွင် ရာသီဥတုဆိုးရွားမှု ကြောင့် လေယာဉ်၊ ရဟတ်ယာဉ် များ ဆင်းသက်နိုင်ခြင်းမရှိကြောင်း၊ ယနေ့ ရာသီဥတုကောင်းမွန်သည်နှင့် မိမိတို့ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ် ကျရောက်ချိန်တွင် ပထမဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းမှာ အသက် ရှင်နိုင်ရေးအတွက် ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးရန် ဖြစ် ကြောင်း၊ ထိုလုပ်ငန်းကို အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် ကြောင်း၊ သို့သော် ကျန်ရှိနေသော သူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း၊ ကလေးဒေသတွင် လှေလုံလောက်စွာ မရှိသည့်အတွက် တပ်မတော်မှ လှေများ ပို့ဆောင်ပေးနေသကဲ့သို့ အခြားဒေသများမှ လှေများလည်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း။ ‘ဒုတိယလုပ်ငန်းစဉ်အဖြစ် ဘေး လွတ်ရာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများကို စားဝတ်နေ ရေး၊ ကျန်းမာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ စေတနာရှင်များ၊ ဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် တပ်မတော်အပါ အဝင် ဌာနဆိုင်ရာများက ကူညီပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်း၊ စခန်း များသို့မရောက်ဘဲ နီးစပ်ရာနေရာ များတွင် ခိုလှုံနေသူများကိုလည်း စာရင်းကောက်ယူ ထောက်ပံ့ပေးရန် လိုကြောင်း၊ ကလေးဒေသတွင် တပ်မတော်မှ အရန်ဆန်စပါးတင်း တစ်သိန်းသုံးသောင်းကျော် ရှိသဖြင့် ကြိတ်ခွဲပြီး ထောက်ပံ့ပေးမည်ဖြစ် ကြောင်း၊ ထို့ပြင် မုံရွာမှလေယာဉ် ဖြင့်လည်း တင်ပို့ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ဒေသတွင် ဝယ်ယူရရှိနိုင်သည့် အဝတ်အထည် များကို ဝယ်ယူထောက်ပံ့ပေးရန်နှင့် နိုင်ငံတော်မှလိုအပ်သည့် ငွေကြေး များကို ထောက်ပံ့ပေးမည်ဖြစ် ကြောင်း။ တတိယလုပ်ငန်းစဉ်အဖြစ် ပြန် လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရေတိုဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ရေရှည်ဆောင် ရွက်ရမည့်လုပ်ငန်းများကို ခွဲခြား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နေအိမ် များ ပြန်လည်ဆောက်လုပ်နိုင်ရန်၊ ဆက်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော စာအုပ်စာတမ်းများ ပြန်လည် ဖြည့်ဆည်းပေးရန်၊ နောက်ဆက်တွဲရောဂါများ မဖြစ် ပေါ်စေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်တို့ကို ဦးစားပေးဆောင် ရွက် လိုကြောင်း၊ ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်ဖော်ထုတ် ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေရှည်စီမံ ချက်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း။ ရေကျပြီးနောက် မိမိတို့ကျေးရွာ များသို့ ပြန်သွားချိန်တွင် လိုအပ်မည့် ရိက္ခာ၊ မျိုးစပါးစသည်များကို တွက် ချက် ထောက်ပံ့ပေးရန်လိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် လိုအပ်သည့် ငွေကြေးပမာဏကို တွက်ချက်တင်ပြရန်နှင့် ပြည်ထောင်စု အစိုးရအနေဖြင့် လိုအပ်သမျှပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ဆက်စပ်နေသည့် ချင်းပြည် နယ်တွင်လည်း တောင်ပြိုမှုများ ဖြစ်နေသဖြင့် ဆက်သွယ်ရေး လမ်းကြောင်းပွင့်အောင် အမြန် ဆောင်ရွက်ပြီး ဆန်နှင့် ရိက္ခာများ အမြန်ပေးပို့ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကလေး ခရိုင်အတွက်သာမက နိုင်ငံတစ်ဝန်းရှိ သဘာဝဘေးဒဏ် ခံစားနေရသည့် ပြည်သူများကို အစွမ်းကုန် ကူညီသွား မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။ အဆိုပါ ကယ်ဆယ်ရေးစခန်း ငါးခု၌ ရေဘေးသင့်ပြည်သူ ၈၁၈၇ ဦး ခိုလှုံလျက်ရှိပြီး နိုင်ငံတော်သမ္မတ ရောက်ရှိစဉ် ရေဘေးသင့်ပြည်သူများ အတွက် ကျားလုံချည်အထည် ၁၁၂ဝ၊ မလုံချည်အထည် ၁၅ဝဝ ၊ တီရှပ် အထည် ၁၅ဝဝ ၊ မျက်နှာသုတ်ပဝါ အထည် ၁၁၅ဝ ၊ စောင်အထည် ၁ဝဝဝ ၊ ခေါက်ဆွဲခြောက်ဖာ ၅ဝဝ ၊ ရေသန့်ဘူး ၁၁၁ဝ နှင့် ဆေးမျိုးစုံ သေတ္တာ ၂ဝ တို့အား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments: