ရှမ်းပြည်နယ်လွှတ်တော်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ခက်ခဲသွားနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
ဒီဇင်ဘာ ၇ ရက်ကပြုလုပ်သော ရှမ်းပြည်နယ် လွှတ်တော် ဒုတိယအကြိမ်အရေးပေါ် အစည်းအဝေး တတိယနေ့တွင် လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်သူက တင်သွင်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA,TNLA, MNDAA, AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆိုကို ရှမ်းပြည်နယ် လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဦးစိုင်းညွန့်လွင်က“ကျွန်တော်တို့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က နည်းနည်းပိုခက်သွားမယ်။ စကားပြောရတာ။ အထူးသဖြင့် KIA ကို လုပ်တယ်ဆိုတော့ ပိုပြီးတော့ နည်းနည်းခက်မယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒါကို မကြိုက်ဘူး။ ငြိမ်းချမ်းရေးရချင်တယ်။ ငြိမ်းချမ်းရေးရချင်တဲ့အတွက် ဒါကို အသိအမှတ်မပြုဖို့ပေါ့။ ဒါကိုတောင်းဆိုတာပါ။ အမှန်တော့ ငြိမ်းချမ်းရေးလုပ်နေတယ်ဆို ဒါတွေက ဖြစ်လာစရာအကြောင်း မရှိဘူး။ မလုပ်သင့်ဘူးပေါ့။ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ အခါကျရင် ဒါမျိုးတွေကို မလုပ်သင့်ဘူး” ဟု ပြောကြားသည်။
ယင်းအဆိုကို ထောက်ခံသူများက လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးစေကာ မြန်မာ နိုင်ငံ၏ စီးပွားရေး အစိတ်အပိုင်းဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးကိုလည်း ထိခိုက်စေကြောင်းနှင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသောကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်စီးစေကြောင်း ပြောကြားသည်။
သို့သော် ကန့်ကွက်ဆွေးနွေးခဲ့သူများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရုံဖြင့် တိုင်းပြည်အေးချမ်းလာမည်လည်း မဟုတ်ကြောင်း၊ ကောင်းကျိုးထက်ဆိုးကျိုး ပိုမိုများလာမည်လားဟု ထင်မြင်မိပါကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက ၎င်းတို့၏လုပ်ရပ်များသည် ရပ်တန့်သွားမည်မဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် သဘောထားအမြင် ပိုမိုကွဲလွဲလာကာ စစ်ပွဲများ ဆက်လက်ဖြစ်ပွားစေရန် တွန်းအားပေးသလို ဖြစ်လာနိုင်မည်ဟု ထင်မြင်မိကြောင်း နှင့် ယခုလို ထိလွယ်ရှလွယ်အချိန်တွင် လက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှောင့်နှေး ကြန့်ကြာသွားမည်ကို စိုးရိမ်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
“အခုလိုမျိုး ဖြစ်သွားတာ ကျွန်တော်တို့ စိတ်မကောင်းဘူး။ ဒီလိုမျိုးမဖြစ်အောင် ကျွန်တော်တို့ တစ်နည်းနည်းနဲ့ ပြန်ဖြေရှင်းနိုင်ဖို့ ကြိုးစားမယ်။ UNFC အနေနဲ့လည်း နောက်မဆုတ်သင့်ဘူး။ အလျင်အမြန် ညီလာခံဆွေး နွေးဖို့လိုတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆက်လက်ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သည် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။
Writer:
ဇာလီမြင့်ဦး
Eleven Media
No comments:
Post a Comment