Monday, December 12, 2016

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ် မောင်တောနယ်စပ်သို့ ကွင်းဆင်းလေ့လာ



မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ ရခိုင်ပြည်နယ် မောင်တောနယ်စပ်သို့ ဒီဇင်ဘာ ၁၁ ရက်က ရောက်ရှိလာကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် (ငြိမ်း) ဦးထွန်းမြတ်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ကုလသမဂ္ဂ အကြီးတန်းအကြံပေး (ငြိမ်း) ဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ ရဲချုပ်ဇော်ဝင်းတို့ ပါဝင်သောအဖွဲ့သည်  တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောနယ်စပ် ကျီးကန်းပြင်ဌာနချုပ်သို့ ရောက်ရှိပြီး ယင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့နယ်မြောက်ပိုင်း ပြဿနာဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ သွားရောက် စုံစမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကြက်ရိုးပြင်၊ ငါးခူရ၊ ကိုးတန်ကောက်၊ ၀ါးပိတ်ကျေးရွာများ အပါအ၀င် အခင်းဖြစ်ပွားခဲ့ရာ ကျေးရွာများသို့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကွင်းဆင်း စုံစမ်းလေ့လာရန်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများအပေါ်တွင် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး၊ စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိတို့ကို စစ်ဆေးသုံးသပ် အကြံပြုတင်ပြနိုင်ရန်အတွက် ထိုသို့ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

Writer: 

သားရွှေဦး၊ ၀ီရမိုးနေ

Eleven Media

No comments: