ဆွယ်တာမြို့တော်ဟု တင်စားခေါ်ဆိုရမည့် ပြင်ဦးလွင်မြို့တွင် ဒေသထွက် ဆွယ်တာထည်များထက် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ဆွယ်တာထည်များက ဈေးကွက်အတွင်း နေရာယူမှု ပိုများနေပြီဖြစ်ကြောင်း ဒေသခံ အထည်ဆိုင်များက တူညီစွာ ပြောဆိုကြလေပြီ။
ဒီဇိုင်းအသွက်၊ ဈေးနှုန်းချိုချိုဖြင့် တရုတ်ဆွယ်တာထည်များက ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ပြင်ဦးလွင်မြို့ရှိ အထည်ဆိုင်များတွင် မတင်မဖြစ်ဟု ဆိုရလောက်အောင် ဖြစ်လာခဲ့သည်ဟု ၎င်းတို့က ဆိုကြသည်။
“ကိုယ့်ဒေသထွက် တစ်မျိုးတည်းပဲဆို ဈေးတောင် ရောင်းရမှာ မဟုတ်ဘူး။ ဒါကြောင့် မထားမဖြစ် ထားကြရတယ်၊ တရုတ်ထည် ရှိတယ်၊ ယိုးဒယားထည် ရှိတယ်”ဟု သက်တမ်းနှစ် ၂၀ ခန့်ရှိပြီဖြစ်သည့် နှင်းသောက်မြိုင် အထည်ဆိုင်မှ ဒေါ်ရီရီဝင်းက ပြောသည်။
နှင်းသောက်မြိုင်မှာ ယခင်က ကိုယ်ပိုင်စက်များဖြင့် ကိုယ်တိုင် ရက်လုပ် ရောင်းချခဲ့သော်လည်း အလုပ်သမား အခက်အခဲ၊ အချိန် အခက်အခဲတို့ကြောင့် စက်ကို အရှုံးခံ၍ပင် ရောင်းချခဲ့ရကြောင်း ၎င်းကဆိုသည်။
“ကိုယ်ပိုင် စက်မရှိပေမယ့်လည်း စက်ရှိတဲ့ သူတွေဆီ ချည်ချပြီး (အထည်အပ်ပြီး) ရောင်းလို့လည်း ရတော့ ဆိုင် တော်တော်များများက စက်မထားကြတော့ဘူး”ဟု ဒေါ်ရီရီဝင်းက ရှင်းပြသည်။
ကိုယ်ပိုင်စက်ထားလျှင် ချည်ရစ်သူ၊ ချည်ဆွဲသူ၊ မီးပူတိုက်သူ စသည်ဖြင့် လူအင်အား လေး၊ ငါးဦး အနည်းဆုံး ထားရှိရမည်ဖြစ်ပြီး နေရာ အခက်အခဲလည်း ရှိမည်ဖြစ်ကာ ပြင်ပ စက်ပိုင်ရှင်များထံ ချည်အပ်လိုက်လျှင် အချိန်တန် အဆင်သင့် ရောင်းချနိုင်ပြီး အလုပ်သမား တစ်ဦး၊ နှစ်ဦးဖြင့် လုံလောက်ကြောင်း ၎င်းက ဆိုသည်။
ပြင်ဦးလွင် (ခေါ်) မေမြို့တွင်က ချည်ထိုးသည့် အလုပ်ကို ဝါသနာအရ တစ်ပိုင် တစ်နိုင် လုပ်ကိုင်ကြသူများသာ ရှိခဲ့ရာမှာ ဈေးကွက်စီးပွားရေး တစ်ခုအဖြစ် အသွင် ပြောင်းလဲခဲ့ရာတွင် လက်ထိုးမှာ အဆင် မပြေတော့သောကြောင့် စက်ဖြင့် ထိုးသည့် ချည်ထည်များ ဖြစ်လာခဲ့ရသည်။ စက်ထိုးတွင်လည်း အထိုင်စက်၊ မတ်တပ်စက်များအပြင် နောက်ဆုံးပေါ် အော်တိုစက်ဟု ခေါ်ရမည့် အချိန်ကုန်၊ လူပင်ပန်း သက်သာသည့် စက်များကိုပါ အသုံးပြုလာကြပြီ ဖြစ်သည်။
“ကျွန်မတို့ မိဘတွေ လက်ထက်ကတော့ လက်ထိုးနဲ့ အထိုင်စက်လေးတွေပဲ သုံးခဲ့ကြတယ်။ လက်ထိုးကတော့ တစ်ထည်ကို နှစ်ပတ်၊ တစ်လလောက် ကြာမြင့်ပြီး အထိုင်စက်နဲ့ကျတော့ တစ်ရက်ကို ငါးထည်လောက် ကျတယ်။ နောက်ပိုင်း သုံးနေတဲ့ မတ်တပ်စက်ကျတော့ တစ်ရက်ကို ၁၀ ထည်လောက် ကျတယ်”ဟု ပြင်ဦးလွင် စတား အထည်ဆိုင်ပိုင်ရှင် မချောစုလှိုင်က ဆိုသည်။
အော်တိုစက်ဖြင့်မူ တစ်ရက်လျှင် အထည် ၅၀ ခန့် ပြီးစီးနိုင်သော်လည်း ဈေးနှုန်းမှာ ကျပ်သိန်း ၈၀ ဝန်းကျင်ရှိသဖြင့် မသုံးစွဲနိုင်ကြောင်း ၎င်းက ပြောပြသည်။
“အထိုင်စက်တွေ အလုပ် မဖြစ်တာ ၁၀ နှစ်ဝန်းကျင်လောက်ရှိပြီ။ မတ်တပ်စက်တွေက အထူ၊ အပါး ကြိုက်သလို ထိုးလို့လည်း ရတယ်။ အထည်ရေလည်း ပိုကျတော့ ဈေးကွက်အရ ပိုအဆင်ပြေတယ်”ဟု ပြင်ဦးလွင်ဆွယ်တာထည်များကို လူကြိုက် များလာသည်နှင့်အမျှ အထည်ရေ ပိုထွက်မည့်၊ အလုပ် ပိုမိုပြီးစီးမည့် စက်များဖြင့် အစားထိုး သုံးစွဲလာရပုံကို မချောစုလှိုင်က ရှင်းပြသည်။
ဆွယ်တာအတွက် အသုံးပြုသည့် ချည်ထည်များကို တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းရပြီး သိုးမွှေးချည်များ ဖြစ်ကြောင်း၊ ထိုင်းဘက်မှ တင်သွင်းရသည့် ယုန်မွှေးချည်မှာမူ ဈေးနှုန်းကြီးမြင့်သဖြင့် အရေအတွက် နည်းပါးကြောင်း အထည် ဆိုင်လုပ်ငန်းရှင်တို့က ဆိုသည်။
စက်ဖြင့် ထိုးသည့် ချည်ထည်မှာ သိုးမွှေးထည်များကို ချည်တစ်ခင် (တစ်ပင်) မှ လေးပင်အထိ အသုံးပြုနိုင်ပြီး လက်ဖြင့် ထိုးသည့် အထည် အတွက်မူ ယုန်မွှေးကို ပို၍ အသုံးပြုသည်။
“စက်ထည်က ကလေးဝတ်ကို ၁၈၀ဝ ကျပ်လောက်ကနေ စပြီး ရှိတယ်။ လူကြီးဝတ်ဆိုရင် အများဆုံး ကျပ်တစ်သောင်းအောက်လောက်ပဲ။ ဒါက သိုးမွှေးချည်နဲ့ပေါ့။ လက်ထိုးကတော့ လက်ခချည်းပဲကို တစ်သောင်းကျော်လောက် ရှိတယ်။ ရောင်းဈေးဆိုရင် သုံးသောင်းနဲ့ အထက်ပဲ”ဟု ဒေါ်ရီရီဝင်းက ဆိုင်တွင်းရှိ အထည်များကို ခွဲခြားပြရင်း ပြောဆိုသည်။
သုံးစွဲသည့် ချည်အရေအတွက်ကို လိုက်၍ ချည်တစ်ပေါင်လျှင် အထည် သုံးထည်ခန့် ရရှိပြီး ကလေးဝတ်ဆိုလျှင် ငါးထည်အထိ ရနိုင်သည်။ အထည်တွင် အသုံးပြုသည့် ချည်ခင်များလျှင် များသလို အထည် နည်းသွားသည်ဟု လုပ်ငန်းရှင်တို့က ဆိုကြသည်။
ချည်လုံးများမှာ နွေရာသီဆိုလျှင် ဈေးကျတတ်သဖြင့် ယင်းအချိန်မှ စတင်ကာ ချည် စုဆောင်းထားတတ်ကြပြီး စက်သို့ အပ်ထားတတ်ကြသည်။ အထည်ဒီဇိုင်းကို ကိုယ်တိုင် ရေးဆွဲတတ်သလို စက်ပိုင်များ ပြသသည့် ဒီဇိုင်း၊ ပြင်ပမှ မြင်တွေ့မိသည့် ဒီဇိုင်းများကို ပြုလုပ်တတ်ပြီး လူကြိုက်များသည့် ဒီဇိုင်း တစ်ခုအတွက် ဆယ်စုနှစ် တစ်ခုအထိ ဆက်တိုက် ပြုလုပ်ရသည်လည်း ရှိသည်။
“ဒေသထွက် ဆွယ်တာက ထူတယ်၊ နွေးတယ်၊ ပုံစံကတော့ သိပ်မလန်းဘူးပေါ့။ တရုတ်ထည်ကျတော့ ဒီဇိုင်းတွေ လှတယ်။ ပေါ့ပါးကျစ်လျစ်တယ်။ ရန်ကုန်တို့၊ မန္တလေးတို့လို မြို့ကြီးတွေက တရုတ်ထည်တွေ ဝတ်ကြပြီး ဒေသထွက် အထည်တွေကို နယ်တွေဘက်က ပိုကြိုက်ကြတယ်”ဟု အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ဒေသထွက် အထည်များကို ရောင်းပန်း လှစေရန် ပြုလုပ်လိုသော်လည်း နည်းပညာ၊ ငွေကြေး စသည့် လိုအပ်ချက်များကြောင့် တရုတ်ထည်များကို မယှဉ်နိုင်သေးကြောင်း ဆိုင်သက်တမ်း နှစ် ၄၀ ခန့် ရှိပြီဖြစ်သည့် ပြင်ဦးလွင်စတား အထည်ဆိုင်ပိုင်ရှင် မချောစုလှိုင်က ဆိုသည်။
“အစင်းကြား ဒီဇိုင်းကလွဲလို့ မလုပ်နိုင်သေးဘူး”ဟု ၎င်းက ညည်းညူသည်။
ယင်းအပြင် ဝယ်လိုအားကိုလည်း ပြည့်မီအောင် မလုပ်နိုင်သေးကြောင်း မချောစုလှိုင်က ပြောသည်။
၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာလများက ပြင်ဦးလွင် ဆွယ်တာတို့၏ ရွှေခေတ်ဟု ပြောဆိုရမည်။ ထိုစဉ်က ဆိုင်ရှိ အထည်များကို ဝယ်သူအပေါ် စိတ်ကြိုက်ပြောဆို ရောင်းချရနိုင်သော်လည်း တရုတ်ထည်များနှင့် ယှဉ်လာသည့်နောက်ပိုင်း ဒေသထွက် အထည်တို့ မျက်နှာငယ်သွားခဲ့ရကြောင်း လုပ်ငန်းရှင်တို့က ဆိုသည်။
“ပြောရမယ်ဆိုရင် လာဝယ်တဲ့သူတွေက ဒေသထွက်ထည်တွေကို မေးကြတယ်။ ပြလိုက်တဲ့အခါမှာ ဒီဇိုင်းတွေက မကြိုက်တဲ့ အခါကျတော့ ဈေးသိပ်မကွာတဲ့ တရုတ်ထည်တွေကိုပဲ ရွေးချယ် သွားတတ်ကြတယ်။ ဒီနှစ်ဆိုရင် ဒေသထည် အရောင်းက လုံးဝ ကျသွားတယ်။ ၃၀ ရာခိုင်နှုန်းလောက်အထိ ကျတယ်”ဟု မချောစုလှိုင်က ဖွင့်ဟသည်။
ရွှေခေတ်အလွန် ကာလများတွင် အရောင်းအဝယ်က နှစ်စဉ် မတိမ်းမယိမ်း ရှိနေခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဇယား အောက်ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် သဘာဝဘေးများ ကြုံတွေ့ရခြင်း၊ စစ်ဘေး ကြုံတွေ့ရခြင်းတို့၏ ရိုက်ခတ်မှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတို့ ပြင်ဦးလွင်မြို့က ဘာမှ မဖြစ်ဘူးဆိုပြီး ဈေးအရောင်းအဝယ်က ဒီအတိုင်း ရှိမနေဘူး။ ဝယ်လက်တွေက တခြားဒေသတွေက အဓိက ဆိုတော့ သူတို့ ဒေသတွေ ထိခိုက်မှုက ကျွန်မတို့အတွက်လည်း ရိုက်ခတ်တယ်”ဟု မချောစုလှိုင်က ရှင်းပြသည်။
လွန်ခဲ့သော လေးနှစ်ခန့်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးထားသည့် ဆွယ်တာအင်္ကျီ နှစ်ထည်ကို လေလံတင်ခဲ့ရာ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် ရရှိခဲ့ဖူးလေသည်။ NLD ပညာရေး ကွန်ရက် ရန်ပုံငွေအဖြစ် လေလံတင်ခဲ့ခြင်းဖြစ်ပြီး တစ်ထည်မှာ ကျပ်သိန်း ၆၃၀ ရရှိကာ အခြား တစ်ထည်မှာ ကျပ် ၄၁၅ သိန်း ရရှိခဲ့ခြင်း ဖြစ်သည်။
ဆွယ်တာ အထည်လောကအတွက် ရှားပါးသည့် ဈေးနှုန်း၊ လူအများ စိတ်ဝင်စားနိုင်သည့် အခြေအနေဟု ဆိုနိုင်သော်လည်း ယင်းက အခွင့်အလမ်း ဖြစ်မလာခဲ့ပေ။ ပြည်ပသို့ ပို့နိုင်ရန် မဆိုထားနှင့်၊ ပြည်တွင်း ဈေးကွက်မှာပင် နေရာ မယူနိုင်တော့။
လက်ရှိ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင် စတား၊ ဝင်းသီရိမြိုင်၊ ပုလဲဖြူစသည့် အထည်ဆိုင်ကြီး ခုနစ်ဆိုင်ခန့် အပါအဝင် အထည်ဆိုင်ပေါင်းက ၅၀ ဝန်းကျင်ရှိသည်။ တစ်မြို့လုံး အနေနှင့် တရုတ်ထည်၏ လွှမ်းမိုးထားမှုက ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ဒေသထွက် အထည်တို့မှာ ပြုတ်မကျစေရန် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိသည်ဟု လုပ်ငန်းရှင်တို့က ဆိုကြသည်။
ဆွယ်တာသည် လူကြီး၊ လူငယ်၊ ကျားမ၊ မရွေး ဝတ်ဆင်သူတိုင်းနှင့် လိုက်ဖက်ကာ ဖက်ရှင်ကျ လှပမှု ရှိသည်က သူ၏ အားသာချက် ဖြစ်သည်။ အပါး ထည်ဆိုလျှင် ရာသီမရွေး ဝတ်ဆင်နိုင်လေသည်။
ဆွယ်တာဆိုင်များ အနေနှင့် မိမိတို့ ကုန်ပစ္စည်းကို သရုပ်ဆောင်များဖြင့် ကြော်ငြာရိုက်ကူး မိတ်ဆက်သည့် အရောင်း မြှင့်တင်မှုက မရှိသလောက် နည်းပါးသော်လည်း ဇာတ်ဝင်ခန်းများတွင် ဆွယ်တာဝတ်ဆင် သရုပ်ဆောင်မှုများ ရှိလျှင်တော့ သရုပ်ဆောင်၏ နာမည်ကြီးမှုကို လိုက်၍ အဆိုပါ ဆွယ်တာဒီဇိုင်း အဆင်များ အရောင်း သွက်သည်။
ပြင်ဦးလွင်မြို့သို့ လာရောက်သည့် သရုပ်ဆောင်များ မိမိတို့ ဆိုင်ကို ရောက်ရှိလာလျှင် အမှတ်တရအဖြစ် ဓာတ်ပုံများကို ရိုက်ကူးထားကာ ဆိုင်အတွင်း ကပ်ထားသော်လည်း ယင်းက အမှတ်တရသာ ဖြစ်၍ လူမှုကွန်ရက် စာမျက်နှာများတွင်ပင် တင်ရန် မသင့်တော်ကြောင်း မချောစုလှိုင်က ဆိုသည်။
ပြင်ဦးလွင်မြို့၏ အရောင်းရဆုံး အထည်ဆိုင်တွင် ပါဝင်သည့် ပုလဲဖြူဆိုင်တွင်မူ ဒေသထွက်နှင့် တရုတ်ထည်တို့က ရောင်းချရမှု မျှတကြောင်း၊ စက်ရုံတည်ထောင်ထားပြီး ကိုယ်ပိုင် ဒီဇိုင်းများလည်း ဖန်တီးရကြောင်း အဆိုပါ ဆိုင်ပိုင်ရှင် အန်တီလင်းက ဆိုသည်။
မိမိတို့ဆိုင်တွင် အသုံးပြုသည့် ချည်မှာ ဈေးနှုန်းမြင့်သည့် အရည်အသွေး ကောင်းချည်ကို အသုံးပြုထားသည့်အတွက် အထည်ဈေး အနည်းငယ် ကြီးမြင့်သော်လည်း အရည်အသွေးအတွက် စိတ်ချရကြောင်း၊ လေးငါးခါ ဝတ်ပြီး ပွယောင်းယောင်း ဖြစ်သွားမည့် အထည်မျိုး မဟုတ်ကြောင်း ၎င်းက ပြောသည်။
ပုလဲဖြူနည်းတူ ပြင်ဦးလွင်ရှိ အထည်ဆိုင်များမှာ အရည်အသွေးကို ပြည့်မီစေရန် ပြုလုပ်ထားရကြသော်လည်း ဒီဇိုင်း နည်းပညာတွင် အားနည်းသဖြင့် ဝယ်သူ မျက်စိကျရန် ကြိုးစားနေကြရဆဲ ဖြစ်သည်။
“ဒီအတိုင်းပဲ သွားနေမယ်ဆိုရင်တော့ ငါးနှစ်၊ ဆယ်နှစ်အတွင်း ဒေသထွက် အထည်ဈေးကွက် ပျောက်ကွယ်သွားနိုင်မယ်၊ ဒီဇိုင်း လှမယ်၊ ဈေးသင့်မယ်၊ အရည်အသွေး ကောင်းမယ်ဆိုရင် တရုတ်ထည်တွေကို ယှဉ်နိုင်မှာပါ”ဟု အသက် ၃၀ ဝန်းကျင် လူငယ် တစ်ဦးဖြစ်သည့် မချောစုလှိုင်က မျှော်လင့်ချက် အပြည့်ဖြင့် ဆိုလေသည်။
မြတ်(ကလေး)
No comments:
Post a Comment