ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
အခြေခံ လူ့အခွင့်အရေးများကို ထိခိုက် ခြိမ်းခြောက်နေသည့် ဥပဒေများ မြန်မာနိုင်ငံ အစိုးရက ပယ်ဖျက် ပြင်ဆင်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို အရပ်ဘက် အဖွဲ့အစည်း ၂ဝ ကျော်က တောင်းဆိုလိုက်သည်။
ဒီဇင်ဘာလ ၁ဝ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင်တွင် ပြုလုပ်သော ၆၈ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့ ပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများက သဘောထား ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီမှာ ဥပဒေတွေမှာ ဖိနှိပ်မှုတွေက ရှိနေတုန်းပဲ၊ ဥပမာ ၆၆ ဃ လိုမျိုးတွေကို ပြင်ဆင် ပြောင်းလဲပေးဖို့တောင်းဆိုတယ်၊ နောက်တစ်ခုက ပြည်တွင်းစစ် ရပ်စဲပေးတော့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ စတဲ့ အဓိက အချက် ခြောက်ချက်ကို တောင်းဆိုထားပါတယ်”ဟု Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားသည်။
ထို့ပြင် ပြည်သူတိုင်း လုံခြုံမှု ရှိစေရန် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ လုပ်ဆောင်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရသော ပြည်သူများအတွက် ခိုင်မာ အားကောင်းသည့် လူ့အခွင့်အရေး တိုင်ကြားမှု ယန္တရားများကို ထူထောင်ပေးရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။
၎င်းအပြင် အမျိုးသမီး၊ ကလေး သူငယ်များနှင့် မသန်စွမ်းသူများ အပါအဝင် ပိုမို ခွဲခြားဆက်ဆံ ခံနေရသော သူများနှင့် လူနည်းစုများအတွက် အထူး ကာကွယ်ပေးသည့် ဥပဒေသစ်များကို ပြဋ္ဌာန်းပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အဂတိ လိုက်စားမှုများနှင့် မမှန်မကန် ဆုံးဖြတ်ချက်များကို ဖော်ထုတ် အရေးယူပြီး အမှန်တရားအတိုင်း ကျင့်သုံးသည့် တရားစီရင်ရေး စနစ်ကို ထူထောင်ပေးရန် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များကို အမြန်ဆုံး အတည်ပြု လက်မှတ်ထိုးပြီး စာချုပ်ပါ အချက်အလက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အရပ်ဘက် အဖွဲ့အစည်းများက တောင်ဆိုထားခြင်း ဖြစ်သည်။
အရပ်ဘက် လူမှုအဖွဲ့အစည်း ၂ဝ ကျော် ပူးပေါင်း ပါဝင်ကာ ပြည်သူများကို အသိပညာ ပေးခြင်းများ၊ မိမိတို့ အဖွဲ့အစည်းအကြောင်း မျှဝေခြင်းများ၊ ဂိမ်းကစားနည်းများ ပြုလုပ်ခြင်းများ၊ တေးဂီတ ဖျော်ဖြေခြင်းများကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ ပွဲတွင် ပူးပေါင်း ပါဝင်သည့် အရပ်ဘက် အဖွဲ့အစည်များထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကုလသမဂ္ဂက အတည်ပြု ပြဋ္ဌာန်းခဲ့ရာ မြန်မာနိုင်ငံက ထိုကြေညာစာတမ်းကို ပထမဦးဆုံး ထောက်ခံသည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။
J-09
No comments:
Post a Comment