Thursday, December 15, 2016

အင်္ဂလန်တွင် Amazon က ပထမဆုံးအကြိမ် ဒရုန်းယာဉ်ဖြင့် ပစ္စည်း ပို့ဆောင်ခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်

ကမ္ဘာ့အကြီးဆုံး အင်တာနက် အခြေပြု ရောင်းဝယ်ရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ Amazon ဟာ အင်္ဂလန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဒရုန်းယာဉ်နဲ့ ပစ္စည်း ပို့ဆောင်ခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်ခ်ျက အမည်မဖော်သူ ဝယ်ယူသူ တစ်ဦးထံ ပေးပို့ခဲ့တဲ့ အဆိုပါ ပထမဆုံးအကြိမ် ဒရုန်းယာဉ်နဲ့ ပို့ဆောင်မှုကို Amazon ရဲ့ CEO လည်း ဖြစ်၊ တည်ထောင်သူလည်းဖြစ်တဲ့ ဂျက်ဖ်ဘီဇော့ဖ်က သူ့ရဲ့ တွစ်တာကနေ တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Amazon ဟာ အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေမှာ ဒရုန်းယာဉ်နဲ့ ပစ္စည်း ပို့ဆောင်ခြင်းတွေကို စမ်းသပ် လုပ်ဆောင်လျက်ရှိပြီး ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ရလျက် ရှိပါတယ်။

Amazon ကထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အင်္ဂလန်၊ ကမ်းဘရစ်ခ်ျက ဝယ်သူနှစ်ဦးထံ ဒရုန်းယာဉ်နဲ့ ပို့ဆောင်ခဲ့ကြောင်း အတည်ပြုထားပြီး နောက်ထပ်သူ့ရဲ့ ဂိုဒေါင်တွေ ရှိရာဒေသတွေမှာပါ တိုးချဲ့ လုပ်ဆောင်သွားမယ့် အကြောင်းလည်း ပြောကြားထားပါတယ်။

ဒရုန်းတွေနဲ့ ပစ္စည်းပို့ဆောင်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတာ Amazon တစ်ခုထဲမဟုတ်ဘဲ Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ကလည်း အလားတူ စီမံကိန်းမျိုး တစ်ခု အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။

The Voice

No comments: