ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ထိပ်သီး ခေါင်းဆောင် အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ဇူလိုင် ၁၆၊ ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
UNFC ထိပ်သီး ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးတွင် မနက်ဖြန် တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ တွေ့ဆုံ ကြမည်ဖြစ်ပါသည်။နှစ်ဖက်တွေ့ဆုံမှုတွင် UNFC ဘက်မှ အဓိက ညှိနှိုင်းလိုသည့် အချက်များကို UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့ဝင် ချင်းမိုင်မြို့မှ ဒူဝါ ဘောမ်ဝမ် လရာ် က ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။
“၂၁ ရာစု ပင်လုံညီလာခံ တက်မယ်ဆိုရင် ကျနော်တို့အားလုံး ဘယ်လိုပါဝင်ရမယ်၊ ပြီးတော့ အစည်းအဝေးရဲ့ အဓိပ္ပာယ်၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင်တော့ အပစ်အခတ်ရပ်စဲရမှာဖြစ်တယ်။ အပစ်ခတ် မရပ်စဲသေးတဲ့အတွင်း ကျနော်တို့ ဘယ်လို ကတိတွေထားပြီး ပစ်ခတ်မှု ရပ်စဲသွားအောင် ဘယ်လိုလုပ်မယ်။ Framework တွေ အတူဆွဲမယ်။ ညီလာခံရဲ့ အစီစဉ်တွေကိုအတူဆွဲပြီး အတူပါဝင်ပြီး လုပ်ဆောင်သွားဖို့ ဆွေးနွေးရန်သွားတာ ဖြစ်တယ်။”
ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော UNFC ထိပ်သီး ခေါင်းဆောင်အဖွဲ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထဲင်၊ ကရင်နီ တိုးတက်ရေး ပါတီ ဥက္ကဌ အေဘယ်တွိနှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် တို့ ပါဝင် ပါသည်။
ယခုလို တွေ့ဆုံရန် ဇွန်လ ၃ ရက် ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ’ အကြိုပြင်ဆင်ရေး ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ခဲ့စဉ် UNFC မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားခြင်းပေါ် လက်ခံ စီစဉ်ပေးခြင်းဖြစ်သည် ဟု ဒူဝါ ဘောမ်ဝမ် လရော် က ပြောပါသည်။
ယနေ့ မွန်းလွဲပိုင်း UNFC ထိပ်သီးခေါင်းဆောင်များ ရန်ကုန် လေဆိပ်သို့ ဆိုက်ရောက်လာချိန် လူထုက တိုင်းရင်းသား ဝတ်စုံများ၊ တိုင်းရင်းသား အလံများ၊ UNFC အလံ များကို ကိုင်ဆောင်ကာ “စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ပါစေ” “ဖယ်ဒရယ်ပြည်ထောင်စု အစစ်အမြန်တည်ဆောက်နိုင်ပါစေ” စသည့် လက်ကိုင် ပိုစတာ များဖြင့် ကြိုဆို ခဲ့ကြသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံညှိနှိုင်းမှု ရလဒ်ပေါ် အဓိက ထားပြီး ယခုလ ကုန်ပိုင်း ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ တွင် ကျင်းပမည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒူဝါ ဘောမ်ဝမ် လရော် ဆက်ဆိုသည်။
တစ်ဖက်တွင် အဆိုပါ မိုင်ဂျာယန် အစည်းအဝေးကို တက်ရောက်ရန် မသေချာသေးသည့်
တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်မတော် AA ၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (မိုင်းလား) အဖွဲတို့လည်း အစည်းအဝေး တက်ရောက်ရန် UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ ဦးဆောင်ပြီး ၎င်းတို့ အဖွဲ့များကို တွေ့ဆုံဆွေးနွေး နေကြောင်း ဒူဝါ ဘောမ်ဝမ် လရော် ပြောပါသည်။
No comments:
Post a Comment